လူတိုင်းကျန်းမာ အားကစားလည်းအောင်မြင်ရာ

လူတိုင်းကျန်းမာ အားကစားလည်းအောင်မြင်ရာ

အားကစားနှင့် ပတ်သက်၍ ချက်ချင်းထလုပ်၍ ရသည့်လုပ်ငန်းမဟုတ်သည့်အတွက် အချိန်ယူလေ့ကျင့် မွေးထုတ်သွားရန်လိုကြောင်း၊ ပြည်သူလူထုကျန်းမာရေးအတွက် အလွယ်ကူဆုံးအားကစားမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ရှိကြောင်း၊ ကျန်းမာမှပညာရေး၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးနှင်ပတ်သက်၍ မိမိကိုယ်တိုင်ကစပြီး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ လက်အောက် အဆင့်ဆင့်ကိုလည်း တွန်းအားပေးကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဘက်ပေါင်းစုံက စဉ်းစား ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် သြဂုတ် ၈ ရက်ကကျင်းပသည့်    ပြည်ထောင်စုအစိုးရ အဖွဲ့လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့်အစည်းအဝေးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသအလိုက်အားကစားကွင်းများ တည်ဆောက်ပေးထားပြီးဖြစ်သည်။ အဆင့်မြင့်အားကစားကွင်းများ တည်ဆောက်ပေးထားသကဲ့သို့ အားကစားအဆင့်အတန်းသည်လည်း များစွာတိုးတက်လာရန်လိုအပ်ပေသည်။ အားကစားအောင်မြင်ခြင်းသည် နိုင်ငံ့ဂုဏ် ကိုမြှင့်တင်ခြင်းဖြစ်ပေရာ အားကစားသမားတိုင်းက မိမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်အပြည့်ဖြင့် ပြိုင်ပွဲဝင်ကြရမည် ဖြစ်သည်။ လူငယ်မောင်မယ်တို့အတွက် အခွင့်အလမ်းကောင်းများစွာ ရှိရာတွင် အားကစားကဏ္ဍကို စိတ်ပါဝင်စားစွာလေ့ကျင့်ပြီး တိုးတက်အောင်မြင်အောင်လုပ်ဆောင်ကြမည်ဆိုလျှင်  လူတစ်ဦးချင်း၏ လူမှုဘဝမြင့်မားမည့်အပြင် နိုင်ငံအတွက်လည်း ကြီးမားသောဂုဏ် ဖြစ်လာပေလိမ့်မည်။

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူနည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲတွင် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်းဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက်အဆင့် ၇ ရရှိခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အရှေ့တောင် အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံးအားကစားပြိုင်ပွဲဖြစ်ပြီး အာဆီယံနိုင်ငံများ၏ အားကစား အဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲလည်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အားကစားကိုအပြည့်အဝအားပေးလျက်ရှိသည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မဝင်မီကပင် ရရှိသည့် ဆုတံဆိပ်များအလိုက် ချီးမြှင့်မည့် ငွေကြေးနှုန်းထားကို ကြေညာခဲ့သည်။ ဆုရရှိသူများ၊ နည်းပြများ၊ အုပ်ချုပ်သူများ အားလုံးကိုကြေညာထားသည့်အတိုင်း ပေးအပ်ချီးမြှင့်ခဲ့သည်မှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးသိရှိပြီးဖြစ်သည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်အထိကျင်းပခဲ့သည့်(၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၇ ခု၊ နိုင်ငံအလိုက်အဆင့် ၆ ရရှိခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအောင်ပွဲရ   မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့သည်သြဂုတ် ၈ ရက်နံနက် ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်မှာ ကြည်နူးဖွယ်ကောင်းလှသည်။

ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ တက္ကသိုလ်အားကစား အဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲတွင် ဘောလုံး၊  ပိုက်ကျော်ခြင်း၊မြားပစ်နှင့်ဝူရှူးအားကစားနည်းလေးမျိုးတွင်အားကစားသမား ၃၃ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်းရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့်ကြေးတံဆိပ်နှစ်ခုတို့ကိုဆွတ်ခူးနိုင်ခဲ့သည်။ ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ခြင်းမှာလည်း ဂုဏ်ယူဖွယ်ဖြစ်သည်။ အဆိုပါ အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲဝင်များသည် သြဂုတ် ၆ ရက်နှင့် ၈ ရက်တို့တွင်ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လေဆိပ်တွင် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် မြန်မာ့အားကစားတိုးတက်မြင့်မားရေးကို အထူးအလေးထား အားပေးလျက် ရှိသည့်အတွက် အားကစားအောင်မြင်မှုများ ရရှိနေခြင်း ဖြစ်သည်။ အားကစားသမား တစ်ဦးချင်းအနေဖြင့်လည်း မိမိတို့တတ်ကျွမ်းသည့် အားကစားနည်းများအလိုက် ရွှေတံဆိပ်ဆုမျှော်မှန်းကာ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားကြရမည် ဖြစ်သည်။ အောင်မြင်မှုဆိုသည်မှာ နည်းစနစ်ကျကျကြိုးစားခြင်း၊ နည်းပြများ၏ သွန်သင်ပြသမှုအတိုင်း လိုက်နာလေ့ကျင့်ခြင်းတို့လုပ်ဆောင်မည်ဆိုပါက အမှန်တကယ်အောင်မြင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့အားကစားမြင့်မားရေးအတွက်နိုင်ငံကိုချစ်စိတ်၊ အားကစားကိုမြတ်နိုးစိတ်၊ မိမိကိုယ်မိမိယုံကြည်မှုနှင့် အောင်မြင်စိတ်တို့ထားရှိကာ ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။