၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာစေရေး အိန္ဒိယမျှော်မှန်းထား

၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာစေရေး အိန္ဒိယမျှော်မှန်းထား

    အိန္ဒိယနိုင်ငံအနေဖြင့် ၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်လာစေရေး မျှော်မှန်းထားကြောင်း   ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက သြဂုတ် ၁၅  ရက်တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနား၌   ပြောသည်။

အိန္ဒိယက   ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိသည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၁၇ ရာစု ခံတပ်နီ၌ ကျင်းပခြင်းဖြစ်သည်။

နိုင်ငံသားများအနေဖြင့် လာမည့် ၂၅ နှစ် အတွင်း   နိုင်ငံကိုဖွံ့ဖြိုးပြီး နိုင်ငံအဖြစ်သို့ ရောက်ရှိစေရေးအတွက် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ ထိုရည်မှန်းချက်အတွက် နိုင်ငံသားများအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းရမည်ဖြစ်ကြောင်း မိုဒီက လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်းပြောစဉ် ပြောထားခြင်းဖြစ်သည်။

ထို့ပြင် လူငယ်များအနေဖြင့် ရည်မှန်းချက်ကြီးကြီး ထားရန်နှင့် အကောင်းဆုံးသော အချိန်များကို   နိုင်ငံအတွက် ပေးဆပ်ရန် မိုဒီက တိုက်တွန်းထားသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသည် နိုင်ငံသား တစ်ဦး အသားတင်ဝင်ငွေ   အမေရိကန် ဒေါ်လာ ၁၀၈၆ ဒေါ်လာမှ ၄၂၅၅ ဒေါ်လာ ကြားသာရှိသည့်အတွက်  ဝင်ငွေအလယ်အလတ်နှင့် အောက်ရှိနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်ထားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့် ဘဏ္ဍာနှစ်အတွက် စီးပွားရေး ၇ ရာခိုင်နှုန်း တိုးတက်လာစေရန် ရည်မှန်းထားသည်။

အလားတူ အိန္ဒိယနိုင်ငံ အနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံ တို့ပြီးနောက် ကမ္ဘာ့တတိယမြောက် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင် အများအပြားက ခန့်မှန်းထားသည်ဟု သိရသည်။