ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖိလစ်ပိုင်၌ လူမွဲဖြစ်သွားရသူ များစွာရှိလာ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖိလစ်ပိုင်၌ လူမွဲဖြစ်သွားရသူ များစွာရှိလာ

    ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လူမွဲဖြစ်သွားရသူ ၂ ဒသမ ၃ သန်းခန့်ရှိလာပြီး အများစုမှာ ကမ္ဘာတစ်ဝန်း ဖြစ်ပွားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုအဖြစ် စီးပွားရေး ကျဆင်းမှုကြောင့်ဖြစ်ကြောင်း စာရင်းအင်း အာဏာပိုင်အဖွဲ့က သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်အထိ  လူမွဲဖြစ်သူ အရေအတွက်သည် သန်း ၂၀ နီးပါး သို့မဟုတ် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၁၈ ဒသမ ၁ ရာခိုင်နှုန်း အထိမြင့်တက်လာသည်ကို တွေ့ရသည်။

၂၀၁၈ ခုနှစ်အထိတွင်မူ နိုင်ငံ့လူဦးရေ၏ ၁၆ ဒသမ ၇ ရာခိုင်နှုန်းသာ လူမွဲဖြစ်ရာမှ ၂၀၂၁ ခုနှစ်တွင် မြင့်တက်လာခြင်း ဖြစ်ကာ အစိုးရ၏ ခန့်မှန်းချက်ဖြစ်သော လူမွဲဖြစ်သူ ၁၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကြားကို ကျော်လွန်သွားခြင်း ဖြစ်သည်။

မကြာသေးမီက နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်သည့် သမ္မတဖာဒီနန်မားကို့ ဂျူနီယာက ၎င်း၏တစ်ခုတည်းသော သမ္မတသက်တမ်း အကုန်ဖြစ်သည့် ၂၀၂၈ ခုနှစ်တွင် လူမွဲဖြစ်မှုနှုန်းကို ၉ ရာခိုင်နှုန်းအထ ိလျှော့ချနိုင်ရန် မျှော်မှန်းထားသည်။

လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုများ ဖြစ်ပွားနေသော်လည်း ထိုမျှော်မှန်းချက်ကို ပြည့်မီနိုင်သေးကြောင်း စီးပွားရေးစီမံကိန်း ရေးဆွဲရေးဝန်ကြီး အာဆီနီယိုဘယ်လီဆာကန်က ပြောထားသည်။

အဆိုပါမျှော်မှန်းချက် ပြည့်မီစေရေး အတွက် အစိုးရက စီးပွားရေးကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးခြင်း၊  လူသားအရင်းအမြစ်နှင့် လူမှုကာကွယ်ရေး တို့တွင် ရင်းနှီးမြှုပ်နှံခြင်း၊   အရည်အသွေး ပြည့်မီသော အလုပ်နေရာများ ရရှိစေရေးနှင့် ပြိုင်ဆိုင်မှုရှိသောထုတ်ကုန်များ ထွက်ပေါ်လာစေရေး အတွက်  စက်မှုကဏ္ဍများ ပြောင်းလဲခြင်းတို့ကို အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။

လူတစ်ဦးချင်းဝင်ငွေက လူတစ်ဦးတစ်ယောက်အတွက်    တစ်နေ့တာ အခြေခံ စားသောက်ကုန်နှင့် စားသောက်ကုန် မဟုတ်သည့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိသည့် အခြေအနေရှိလျှင် ထိုသူကိုလူမွဲဟု သတ်မှတ်ခြင်းဖြစ်ပြီး စာရင်းအင်းရုံးက  သုံးနှစ်လျှင်တစ်ကြိမ် ထုတ်ပြန်လေ့ရှိကြောင်း သိရသည်။