၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော်  သြဂုတ်  ၁၆

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဦးမြင့်ကြိုင်၊ ဦးမင်းသိန်းဇံနှင့် ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးစန်းလွင်၊ ဦးမြင့်စိုး၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ  တက်ရောက်ကြသည်။ 

ယနေ့ နံနက်ပိုင်းတွင် ဂျူဒိုပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) အသင်းလိုက် ရှုံး/ထွက်ပြိုင်ပွဲများ၊ (အမျိုးသား) တတိယလုပွဲ ပွဲစဉ်နှင့် (အမျိုးသမီး) တတိယလုပွဲ တို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲပွဲစဉ်များကို ဆက်လက် ကျင်းပရာ (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကချင်ပြည်နယ်အသင်းက ၅ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ ကချင်ပြည်နယ် အသင်းက ၅ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက် ကျင်းပရာ(အမျိုးသား) အကောင်းဆုံးဆုနှင့်(အမျိုးသမီး) အကောင်းဆုံးဆု ရရှိသည့် မောင်ဖြိုးသက်ဇော် (ကချင်)နှင့် မတင်ဇာမြင့်(ကချင်)တို့အား ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် တစ်သိန်းစီအား လည်းကောင်း၊ ရွှေ ၄ ခု၊ ငွေ ၅ ခုဖြင့် အမျိုးသား တံခွန်စိုက်ဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း၊ ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၂  ခုဖြင့်   အမျိုးသမီးတံခွန်စိုက်ဆု ရရှိသည့်   ကချင်ပြည်နယ်အသင်းအား  အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က လည်းကောင်း၊  ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး၂ ခုဖြင့် စုပေါင်းတံခွန်စိုက် ရရှိသည့် ကချင်ပြည်နယ် အသင်းအား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း တံခွန်စိုက်ဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌက  တံခွန်စိုက်ဆုရရှိသည့်  ကချင်ပြည်နယ် အသင်းအား ထပ်မံဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။