ကွင်းလယ်ဒိုင်လူကြီး တေလာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ချယ်လ်ဆီးအသင်း နည်းပြတူချယ်လ်အား အရေးယူရန် အက်ဖ်အေ စွဲချက်တင်

ကွင်းလယ်ဒိုင်လူကြီး တေလာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ချယ်လ်ဆီးအသင်း နည်းပြတူချယ်လ်အား အရေးယူရန် အက်ဖ်အေ စွဲချက်တင်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က စပါးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားသည့်ပွဲစဉ် တွင် ကွင်းလယ်ဒိုင်လူကြီး တေလာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်အား အရေးယူရန် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ချယ်လ်ဆီးအသင်းနှင့် စပါးအသင်း တို့ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီး တေလာအနေဖြင့်လည်း ပွဲကစားချိန်များတွင် သံသယဖြစ်ဖွယ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့်အတွက် ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်သည် အဆိုပါ ပွဲစဉ်အပြီးတွင် “ကျွန်တော်ကတော့ အနီကတ်ပြစ်ဒဏ်ကြောင့် နောက်တစ်ပတ် ကစားရမယ့်ပွဲစဉ်မှာ ကွင်းထဲ ကြီးကြပ်နိုင်မှာ မဟုတ်ပေမယ့်   ဒိုင်လူကြီးတေလာကတော့ ဆုံးဖြတ်ချက် အမှားတွေ ဆုံးဖြတ်ခဲ့လည်း ကွင်းထဲမှာ ဒိုင်လူကြီး လုပ်ခွင့်ရှိနေမှာပါ” ဟု ပြင်းထန်စွာ ဝေဖန်ခဲ့သည့်အတွက်  အက်ဖ်အေက  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်အပြီးတွင် ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်နှင့် စပါးအသင်းနည်းပြ ကွန်တီတို့ အချင်းများမှု ဖြစ်ပွားခဲ့သည့်အတွက် ဒိုင်လူကြီး တေလာက နှစ်ဦးစလုံးကို အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ ယင်းအတွက် နည်းပြ တူချယ်လ်က ပြင်းထန်စွာ ဝေဖန်ခဲ့သောကြောင့် အရေးယူ ခံရဖွယ်ရှိကြောင်း သိရသည်။