နိုင်ငံ့စီးပွားအလေးထား ဝိုင်းဝန်းကာကြိုးစား

နိုင်ငံ့စီးပွားအလေးထား ဝိုင်းဝန်းကာကြိုးစား

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြှင့်တင်နိုင်ရေး အသုံးပြုရန် စီမံဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏အဓိက စီးပွားရေးမဏ္ဍိုင်ဖြစ်သော လယ်ယာစီးပွားမြှင့်တင်ရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ စီးပွားရေး မြှင့်တင်ရေးတို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှရန်ပုံငွေများကို ပြည်ထောင်စုဝန်ကြီး ဌာနနှစ်ခု၊ ပြည်နယ်ခုနစ်ခုနှင့် တိုင်းဒေသကြီးတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုတို့သို့ အသီးသီး လွှဲပြောင်းပေးအပ်ခြင်းကို သြဂုတ် ၁၂ ရက်တွင်ပြုလုပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူစဉ် အစောပိုင်းကာလများ၌ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေးအရ ထိုးနှက်တိုက်ခိုက်မှုများ ရှိခဲ့သည်။ မသမာသူများနှင့် ပြည်တွင်းပြည်ပ အဖျက်သမားများက ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်မှုပျက်ယွင်းကာ နိုင်ငံ့စီးပွားရေး ပြိုလဲသွားစေလိုသည့် ရည်ရွယ်ချက်များဖြင့် အနှောင့်အယှက်မျိုးစုံ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်ခဲ့ရသည်။ ထို့ကြောင့် ယခင်နှစ်များက စီးပွားရေးဆောင်ရွက်ရန် အရင်းအနှီး ထုတ်ပေးရန်အတွက် အခက်အခဲများ ရှိခဲ့သည်။

နိုင်ငံတစ်နိုင်ငံတွင်  စီးပွားရေးကောင်းမွန်မှုသည် အဓိကဖြစ်သည်။ စီးပွားရေးနှင့်နိုင်ငံရေးသည် ဆက်စပ်လျက် ရှိပြီး စီးပွားရေး ကောင်းမွန်မှနိုင်ငံရေးလည်း တည်ငြိမ်မည်ဖြစ်သည်။  စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်း ဟူ၍ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက နှစ်စဉ်တွက်ချက်၍ စီမံကိန်းများ လျာထားချမှတ် ဆောင်ရွက်ရသည်။ စီးပွားရေးတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု၌ Supply & Demand မျှခြေရှိအောင် ဆောင်ရွက်နိုင်မှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကာကွယ်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၁၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ရန်ပုံငွေလွှဲအပ်ခြင်းအခမ်းအနားတွင်အမှာစကားပြောကြားရာ၌ စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုသည် အဓိကကျသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့သည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည်ဖြစ်သဖြင့် ယခုကဲ့သို့နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လျင်မြန်စွာတိုးတက် အောင်မြင်နိုင်သည့် (Quick Win) နှင့်စိုက်ပျိုးရာသီနှင့် ကိုက်ညီမှုရှိသည့် နွေစပါးနှင့်ဆောင်းသီးနှံတို့ကို ထောက်ပံ့ပေးနိုင်မည့် အခြေအနေကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်နွေစပါးနှင့်နိုင်ငံ၏အဓိကပြည်ပပို့ကုန်တစ်ခုဖြစ်သည့် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ပေးမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း များပြားလာမည် ဖြစ်သည်။ အလုပ်အကိုင် အခွင့်အလမ်းရှိပါက ဝင်ငွေရမည်ဖြစ်သည်။ အလုပ်လုပ်နိုင်သူတိုင်း မိမိလုပ်ဆောင်နိုင်စွမ်းရှိသမျှ အကျိုးကျေးဇူးများစွာ ရှိလာမည်ဖြစ်သည်။  ပြည်တွင်းရောင်းအား များတက်လာမည်ဖြစ်သလို လုပ်ငန်းလည်ပတ်မှုများလည်းကောင်းမွန်လာမည်ဖြစ်သည်။ မည်သည့်လုပ်ငန်းမဆို ငွေကြေးအရင်းအနှီးသည် အဓိကကျလှပေရာ နိုင်ငံတော်ကစိုက်ထုတ်ပေးထားသောအရင်းအနှီးများ တိုးပွားသည်ထက်တိုးပွားအောင် လုပ်ဆောင်ကြခြင်းဖြင့် မိမိဘဝ၊ မိသားစုဘဝမှသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိလာပေလိမ့်မည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ခွဲဝေပေးလိုက်သည့်ရန်ပုံငွေ (အရင်းအနှီး)သည် အရင်းမပျောက် လည်ပတ်လုပ်ကိုင် သွားရမည့် အရင်းအနှီး ဖြစ်သည့်အလျောက် အကျိုးရှိရှိ၊ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန်နှင့် အလေအလွင့်မရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ကုန်ထုတ်လုပ်မှုတွင် ကုန်ချောထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရမည်ဖြစ်သည်။ စက်ရုံအလုပ်ရုံများပိုမို လည်ပတ်နိုင်ရေး ဆောင်ရွက်ကြရမည့်အပြင် မြန်မာနိုင်ငံအတွင်း ပြည်ပမှတရားမဝင်တင်သွင်းလာမည့် အမျိုးအစားတူကုန်ပစ္စည်းများကို တားဆီးပိတ်ပင်မှု၊ ကန့်သတ်မှုပြုရမည်ဖြစ်သည်။

ပြည်သူလူထုတစ်ရပ်လုံးကလည်း ပြည်တွင်းဖြစ်ကို အားပေးလိုစိတ်ကို မွေးမြူသင့်လှသည်။ ဆိုလိုသည်မှာ အမျိုးအစား၊ အရည်အသွေးချင်းတူလျှင် ပြည်တွင်းဖြစ်ကို အားပေးရမည် ဖြစ်သလို ပြည်တွင်းထုတ်ကုန်များ သည်လည်း ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သည်အထိ ကြိုးစားထုတ်လုပ်ကြရမည် ဖြစ်သည်။  ယနေ့အချိန်အခါသည် နည်းပညာခေတ်မီမှုနှင့်အတူ ထုတ်လုပ်သည့်ကုန်စည်၏အရည်အသွေး၊ ဈေးနှုန်းနှင့် ထုပ်ပိုးမှုတို့ကို စားသုံးသူများကြိုက်နှစ်သက်အောင် စွမ်းဆောင်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပေးအပ်လိုက်သော အရင်းအနှီးကို အခြေပြုလျက် နိုင်ငံ့စီးပွားအလေးထား ဝိုင်းဝန်းကာကြိုးစားကြရန် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။