မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက အသင်းအား မရောင်းချလိုသည့် အတွက် အသင်းတန်ကြေးကို စတာလင်ပေါင် လေးဘီလီယံ သတ်မှတ်

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက အသင်းအား မရောင်းချလိုသည့် အတွက် အသင်းတန်ကြေးကို စတာလင်ပေါင် လေးဘီလီယံ သတ်မှတ်

မန်ယူအသင်းပရိသတ်များက   လက်ရှိအသင်းပိုင်ရှင် ဂလေဇာ မိသားစုကို အသင်းအားရောင်းချရန် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ထားသော်လည်း ဂလေဇာမိသားစုက မန်ယူအသင်းအား အလွယ်တကူ မရောင်းချလိုသည့်အတွက်  အသင်းတန်ကြေးကို  စတာလင်ပေါင် လေးဘီလီယံ သတ်မှတ်ထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံသားများဖြစ်သည့်  ဂလေဇာ မိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်က ဘဏ်ချေးငွေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဆိုပါဘဏ်ချေးငွေများကို   အသင်းဝင်ငွေများထဲမှ  ပေးဆပ်ခဲ့ကာ ကစားသမား ခေါ်ယူမှုအပိုင်းတွင်   ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့သဖြင့်   အသင်းပရိသတ်များက  နှစ်သက်ခြင်း မရှိသည့်အတွက်   ထိုစဉ်ကတည်းက ဆန့်ကျင်မှုများပြုလုပ်ခဲ့ကြသည်။

မန်ယူအသင်းကို ဂလေဇာမိသားစု ပိုင်ဆိုင်ခဲ့ပြီးနောက်  အသင်းပုံရိပ် တဖြည်းဖြည်း ကျဆင်းလာသကဲ့သို့ နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုများနှင့်  ဝေးကွာနေသည်မှာ  အချိန်ကြာမြင့်နေပြီဖြစ်သည့် အတွက် အသင်း၏ အောင်မြင်မှုထက် အမြတ်ငွေ များစွာရရှိရန်ကိုသာ  အာရုံစိုက်နေသော  ဂလေဇာ မိသားစုကို အသင်းပရိသတ်များက အမျက်ထွက်ခဲ့ကြခြင်း ဖြစ်သည်။

ယခုဘောလုံးရာသီတွင် အဖွင့်ပွဲစဉ် နှစ်ပွဲဆက်   ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းပရိသတ်များက အပြောင်း အရွှေ့ကာလတွင် ကစားသမားခေါ်ယူမှု အပိုင်းနှင့် ပတ်သက်၍ အသင်းပိုင်ရှင် မိသားစုကို ဆန့်ကျင်မှုများ ဆက်တိုက်ပြုလုပ်နေပြီး လာမည့်လီဗာပူး အသင်းနှင့် ပွဲစဉ်တွင်လည်း ကွင်းအတွင်း ဝင်ရောက်အားပေးမှု မပြုလုပ်ရန်အထိ ဆန့်ကျင်နေသည့် အတွက် ဂလေဇာမိသားစုဝင်များ အနေဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရကာ အသင်းကို ရောင်းချရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။