တရုတ်က အမေရိကန်၏ တည်ငြိမ်မှု ပျက်ပြားစေရေး ကြိုးပမ်းမှုများမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်

တရုတ်က အမေရိကန်၏ တည်ငြိမ်မှု ပျက်ပြားစေရေး ကြိုးပမ်းမှုများမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်

တရုတ်နိုင်ငံအနေဖြင့်  အာရှ-ပစိဖိတ် ဒေသအတွင်း တည်ငြိမ်မှုပျက်ပြားစေရေး လုပ်ဆောင်နေသည့် အမေရိကန်၏ ကြိုးပမ်းမှုများမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး  ဝေဖန်းက သြဂုတ် ၁၆ ရက်တွင် ပြောသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ရန်သူများကို မကြောက်ကြောင်း၊ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာမှုများအတွက် တိုက်ခိုက်ရန် အသင့်ရှိကြောင်း  ဝေဖန်းက ဆိုသည်။

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုဆီ၏   မကြာသေးမီက သွားရောက်ခဲ့သော ထိုင်ဝမ်ကျွန်း ခရီးစဉ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု တို့ကို အလုံးစုံ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ဆောင်ချက်သည်  ဒေသတွင်းနှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ချက်များကို  ပြောင်းပြန် အကျိုးသက်ရောက်စေကြောင်း (၁၀)ကြိမ်မြောက် မော်စကို  နိုင်ငံတကာ လုံခြုံရေးညီလာခံ၌ ဝေဖန်းက ပြောခြင်းဖြစ်သည်။

ထို့ပြင်  ထိုင်ဝမ်ကျွန်းသည်  တရုတ်နိုင်ငံ၏  နယ်မြေပိုင်နက် တစ်ခုသာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းအရေးနှင့် ပတ်သက်သမျှ ကိစ္စအားလုံးကို    တရုတ်နိုင်ငံ၏ ပြည်တွင်းရေး အဖြစ် သတ်မှတ်ကြောင်းနှင့် ထိုပြည်တွင်းရေးတွင် ပြည်ပနိုင်ငံများက ကြားဝင် စွက်ဖက်ခြင်း မရှိကြောင်း  ဝေဖန်းက  ဆက်ပြောထားကြောင်း သတင်းဌာန တစ်ခုက ထုတ်ပြန်ထားသည်။