ရုရှားက အမေရိကန်နှင့်စစ်ရေးအရထိပ်တိုက်တွေ့ဆုံနိုင်မှုကိုသတိပေး

ရုရှားက အမေရိကန်နှင့်စစ်ရေးအရထိပ်တိုက်တွေ့ဆုံနိုင်မှုကိုသတိပေး

    ကမ္ဘာ့စင်မြင့်ပေါ်တွင် အမေရိကန်၏ အပြုအမူများက  ရုရှားနှင့်  စစ်ရေးအရ ထိပ်တိုက် တွေ့ဆုံလာနိုင်သည့် အခြေအနေ ရှိနိုင်ကြောင်း  အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတိပေး ထုတ်ပြန်ထားသည်။

ယနေ့အချိန်အခါတွင် အမေရိကန် ပြည်ထောင်စုသည် အခြားနိုင်ငံများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားများ ထိခိုက်မှုအပေါ် ဂရုမစိုက်ဘဲ ဆက်လက် လုပ်ဆောင်နေကြောင်း၊ ထိုသို့သော အခြေအနေသည် မြင့်တက်လာသည့် နျူကလီးယား အန္တရာယ်ဖြစ်နိုင်ခြေ ဆီသို့  တွန်းပို့နေကြောင်း  ရုရှားသံရုံး၏ တယ်လီဂရမ်စာမျက်နှာတွင် ဖော်ပြထားသည်။

    ယူကရိန်းပဋိပက္ခကို   အကြောင်းပြု၍ ရုရှားနှင့်   ထိပ်တိုက်တွေ့ဆုံစေရေး လုပ်ဆောင်နေသည့် အမေရိကန်၏ ခြေလှမ်းများသည် နျူကလီးယား အင်အားကြီးနိုင်ငံ များအကြား ကြိုတင်မမျှော်မှန်းနိုင်သည့်  တင်းမာမှုအခြေအနေ မြင့်တက်လာခြင်းနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံနိုင်ခြင်းများဖြင့် ပြည့်နှက်လာလျက် ရှိကြောင်း  သံရုံး ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်နိုင်ငံသည် အဓိကအရေးကြီးသည့် လက်နက် ထိန်းချုပ်ရေး သဘောတူ စာချုပ်များဖြစ်သော ၁၉၈၇ ခုနှစ် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များ  သဘောတူ စာချုပ်နှင့် ၁၉၉၇ ခုနှစ် ပွင့်လင်းကောင်းကင်ယံ သဘောတူစာချုပ်တို့မှ  မကြာသေးမီ ကနုတ်ထွက်ထားကြောင်း သံရုံးက ထောက်ပြထားသည်။

ပထမသဘောတူစာချုပ်မှာ မြေပြင်ပစ် ဒုံးကျည်အမျိုးအစား အချို့အသုံးပြုမှုကို တားမြစ်ထားခြင်း ဖြစ်ပြီး ဒုတိယစာချုပ်မှာ အခြားနိုင်ငံ၏ ကောင်းကင်ယံတွင် လေယာဉ် များပျံသန်းမှုကို ကင်းထောက် ခွင့်ပြုထား ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်အနေဖြင့် ကမ္ဘာကြီး အပေါ်ရှုမြင်မှုတွင် ၎င်းတို့နှင့် မတူညီသည့် အခြားနိုင်ငံများအပေါ် အခြေအမြစ်မရှိ စွပ်စွဲမှုများ လုပ်ဆောင်နေမည့်အစား ကိုယ့်နျူကလီးယား မူဝါဒကိုသာ သေသေချာချာ သုံးသပ်သင့်ကြောင်း ရုရှားသံရုံးက တိုက် တွန်းထားသည်။

ရုရှားနိုင်ငံကမူ နျူကလီးယား လက်နက် ပိုင်ဆိုင်သော    နိုင်ငံတစ်နိုင်ငံအဖြစ် ပေးထားသည့် ကတိကဝတ်များကို တိတိကျကျ ဖြည့်ဆည်းပေးလျက်ရှိကာ နျူကလီးယား အန္တရာယ် လျှော့ချရေးအတွက် တတ်နိုင်သမျှသော ကြိုးပမ်းမှုများကို လုပ်ဆောင် လျက်ရှိကြောင်း ရုရှားသံတမန်များက ပြောသည်။

ရုရှားနိုင်ငံအနေဖြင့်  ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ဇာပါရိုရှီနျူကလီးယား ဓာတ် အားပေးစက်ရုံကို အသုံးချကာ  ၎င်းတို့၏ စစ်သည်များအတွက် အကာအကွယ်ယူထား ကြောင်း အမေရိကန်က စွပ်စွဲပြီးနောက် ရုရှား သံရုံး၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ် သည်။