ကြီးမားသည့် ကုသိုလ်တစ်ခုဆောင်ရွက်ခြင်း

ကြီးမားသည့် ကုသိုလ်တစ်ခုဆောင်ရွက်ခြင်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၂ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို သြဂုတ် ၁၁ ရက် နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ ဒက္ခိဏခရိုင် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဘုရား သွားလမ်း စံပယ်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကိုဦးဆောင်စိုက်ပျိုးပေးသည်။ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားများကို မိုးကြိုကာလ၊ မိုးဦးကာလများ၊ မိုးလယ်ကာလများတွင် ကျင်းပပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်အနေဖြင့် သစ်တောသယံဇာတများရေရှည်တည်တံ့စေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးတို့အတွက် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားများကို ကျင်းပနေခြင်းဖြစ်သည်။  သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းစို သာယာလှပစေပြီး အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့်အတွက် မြေဆီစိုခိုက် သစ်ပင်စိုက် ဟူသည့်ဆောင်ပုဒ်နှင့်အညီ လူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခြင်းကို အားပေးနေခြင်းဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတစ်ဝန်း ယခုနှစ်မိုးရာသီတွင် သစ်ပင် ၃၀ ဒသမ ၅၇ သန်းစိုက်ပျိုးတည်ထောင်ရန် ရည်မှန်းထားသည့်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ဇူလိုင်လကုန်တွင် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် သစ်တောများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးလှသည်။ သစ်တောတစ်ဟက်တာသည် ကာဗွန်ပမာဏ ၅၃ ဒသမ ၂ မက်ထရစ်တန်ခန့် သိုလှောင်ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာ့သစ်တောများသည် ကာဗွန်မက်ထရစ်တန်သန်းပေါင်း ၂ သိန်းကျော် သိုလှောင်ထားကြောင်း၊ တစ်နှစ်အတွင်း ကာဗွန်ဒိုင်အောက် ဆိုက်မက်ထရစ်တန် ၁၆ ဒသမ ၂ သန်းကျော် စုပ်ယူပေးလျက်ရှိကြောင်း သုတေသနတွေ့ရှိချက်များအရလေ့လာသိရှိရသည်။ ထို့ကြောင့် လူသားတိုင်းသည် သစ်တောများ ထိန်းသိမ်းစိုက်ပျိုး ထူထောင်ရေးကို အလေးထား လုပ်ဆောင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစေရန်၊ စိမ်းလန်းစိုပြည်သာယာစေရန်၊ ပြည်သူလူထု အတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစေရန်၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကို တုံ့ပြန်ဆောင်ရွက်စေရန် Green Campaign များ ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်ကြောင်း သိရှိရသည်။ အပူချိန်မြင့်တက်ခြင်းနှင့် မိုးရွာသွန်းမှု ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းများ ပိုမိုတိုက်ခတ်လာနိုင်ခြင်း၊ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကဲ့သို့ ရာသီဥတုဖောက်ပြန်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်။

အနောက်တောင် မုတ်သုံလေဝင်ရောက်ချိန်မှာ ပုံမှန်ထက်နောက်ကျပြီး ဆုတ်ခွာချိန်မှာပုံမှန်ထက် စောလာသည့်အတွက် မုတ်သုံကာလတိုတောင်းခြင်းများ ရှိလာသည်။ ထိုသို့ဖြစ်ခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများကိုပါ ထိခိုက်လာနိုင်သည်။ နိုင်ငံ၏ ပထဝီဝင်အနေအထားအရ သဘာဝဂေဟစနစ်နှင့် သယံဇာတများ အမျိုးအစားစုံလင်စွာ တည်ရှိလျက်ရှိရာ မြန်မာနိုင်ငံ မိုးနည်းရပ်ဝန်းတွင်ရှိသည့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရေးကိုလည်းအလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသစ်တောများ ပြုန်းတီးပါက မိုးခေါင်ရေရှားခြင်း၊ မြေအောက်ရေဆုံးရှုံးခြင်း၊ ရေထွက်စိမ့်စမ်းများပျောက်ကွယ်ခြင်း၊ မြေဆီလွှာအဆင့်အတန်း ကျဆင်းခြင်းများ ဖြစ်လာနိုင်သည်။

နိုင်ငံလူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုလျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စသည့် ကိစ္စရပ်များအတွက် အလွန်အရေးပါသည့်နိုင်ငံနှင့်အဝန်းသစ်ပင် သစ်တောများဖုံးလွှမ်းစိမ်းစိုသာယာရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့်အခြေခံစားဝတ်နေရေးလိုအပ်ချက်များကို အထောက်အကူပြု လျက်ရှိသည့် နိုင်ငံ့သစ်တောသယံဇာတများကို ရှေးလူကြီးသူမများ ဆုံးမဆိုရိုးထားရှိသည့် ဥတုရာသီ တောကိုမှီ၊ တော တောင်ရှိမှ စမ်းရေရ၊ တောတောင်ပျက်ပြုန်း မြေဆီသုဉ်း၊ တောတောင်ခြောက်ခန်း လယ်ယာနွမ်းဟူသည့် စကားနှင့်အညီ သစ်တောသစ်ပင်များနှင့် ဂေဟစနစ်ကို မပျက်စီးအောင် ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်သည်။

သြဂုတ် ၁၁ ရက်က ကျင်းပခဲ့သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်မှာ ကမ္ဘာ့အကြီးဆုံးကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားလျက်ရှိသည့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အဝင်လမ်းတွင် ဖြစ်သည်။ ယခု စိုက်ပျိုးခြင်းသည် စတုတ္ထအကြိမ်ရှိပြီဖြစ်ပြီး နောင်အချိန်တွင်စိမ်းလန်းသာယာလှပပြီး စိတ်ချမ်းမြေ့ဖွယ်ရာ လမ်းမကြီးအဖြစ် ရောက်ရှိလာမည် ဖြစ်သည်။ ထိုလမ်းမကြီးပေါ်မှာ လျှောက်လှမ်းသွားလာသူအားလုံး အေးမြလှပသည့် အရိပ်အာဝါသနှင့် ခံစားစေရမည် ဖြစ်သည့်အတွက် သစ်ပင်စိုက်ပျိုးခြင်းမှာ ကြီးမားသည့် ကုသိုလ်တစ်ခုဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။