မိုင်းဆက်မြို့နယ်၊ အူးဖူဒေ့ကျေးရွာ၌  (၁၂)ကြိမ်မြောက် အာခါရိုးရာဒန်းစီးပွဲတော် ကျင်းပပြုလုပ်

မိုင်းဆက်မြို့နယ်၊ အူးဖူဒေ့ကျေးရွာ၌  (၁၂)ကြိမ်မြောက် အာခါရိုးရာဒန်းစီးပွဲတော် ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၈    

(၁၂)ကြိမ်မြောက် အာခါရိုးရာစုပေါင်းဒန်းစီးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် မိုင်းဆက်မြို့နယ်၊ အူးဖူဒေ့ကျေးရွာ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာခါရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ‌ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ အာခါတိုင်းရင်းသားရိုးရာ စုပေါင်းဒန်းစီးပွဲတော်နှင့်ပတ်သက်၍ အာခါ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုနာယက က ရှင်းလင်းတင်ပြပြီး အာခါတိုင်းရင်းသား ကျေးရွာအကြီးအကဲ တစ်ဦးက ဒန်းစီးပွဲတော်ကို အာခါရိုးရာဓလေ့ထုံးတမ်းနှင့်အညီ မင်္ဂလာပြုစီးနင်းသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အာခါရိုးရာဓလေ့ထုံးတမ်းနှင့်အညီ မင်္ဂလာပြုစီးနင်းကြကာ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကြသည်။ ၎င်းနောက် အခြေခံပညာမူလတန်းကျောင်း (အူးဖူဒေ့)တွင် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမှတ်တရအထိမ်းအမှတ်အဖြစ် ချယ်ရီပန်းပင်များအား စိုက်ပျိုးပေးကြပြီး အဆိုပါ ကျောင်းအတွက် ပညာရေးထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ထို့နောက် အာခါရိုးရာယဉ်ကျေးမှုခန်းမဆောင်၌ အာခါရိုးရာစုပေါင်းဒန်းစီး ပွဲတော်ကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အာခါရိုးရာ စုပေါင်းဒန်းစီးပွဲတော်အတွက် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် အာခါရိုးရာစာပေနှင့် ယဉ်ကျေးမှု နာယက မှ ကျေးဇူတင်စကား ပြန်လည်ပြောကြားပြီး အာခါရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။