စီးပွားရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး

စီးပွားရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဟု ဖော်ပြထားသည့် အတိုင်း နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် နိုင်ငံတကာတွင် တွေ့ကြုံနေရသော ငွေကြေးမတည်ငြိမ်မှုများမှ ရိုက်ခတ်လျက်ရှိသည့် အကျိုးဆက်များ ကာကွယ်နိုင်ရန်၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်မှု  ဟန်ချက်ညီစေရန်ကိုလည်း ထိန်းညှိဆောင်ရွက်လျက် ရှိသည်။

နိုင်ငံ၏ အဓိကစီးပွားရေးသည်   စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးသည် မဖြစ်မနေ လုပ်ဆောင်ရမည့်လုပ်ငန်း ဖြစ်လာသည်။   နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေကျပ် ဘီလီယံ ၄၀၀ မှ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလီယံ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ဘီလီယံ ၆၀ ရင်းနှီးမတည် ပေးထားသည်။ စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့်  သီးနှံကဏ္ဍတွင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဆောင်းပဲတီစိမ်းဧက ၅ သိန်းတို့ကို ပုဂ္ဂလိက နှင့်တောင်သူများ ပူးပေါင်း၍ အကျိုးတူလယ်ယာစနစ် လုပ်ကိုင်နိုင်ကြရန် ဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အကျိုးတူလယ်ယာစနစ်ဆောင်ရွက်ခြင်းဖြင့် လုပ်ကွယ်ငယ်တောင်သူများ၊  အသေးစားနှင့် အလတ်စား စိုက်ပျိုးထုတ်လုပ်သူများ ရင်းနှီးမြှုပ်နှံမှုပမာဏ လျော့ကျသက်သာခြင်း၊ ထုတ်လုပ်မှု စွမ်းအားမြင့်မားလာစေရန် လိုအပ်သောသွင်းအားစုများဖြစ်သည့် မျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်နည်းပညာများ ရရှိခြင်းနှင့် ထွက်ကုန်သီးနှံများအတွက်  ဈေးကွက်ရရှိစေခြင်းစသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။  အကျိုးတူ လယ်ယာစနစ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်နှင့် တောင်သူများ နှစ်ဦးနှစ်ဖက်မျှတစွာ ပူးပေါင်းဆောင်ရွက်ကြမည် ဆိုပါက အောင်မြင်မှု ရာနှုန်းပြည့်ရရှိမည် ဖြစ်သည်။

မည်သည့်လုပ်ငန်းမဆိုအတ္တ၊ ပရနှစ်ဦးနှစ်ဝမျှတရန်လိုပေသည်။  လုပ်ငန်းရှင်များဘက်က မျိုးနှင့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့်သွင်းအားစုများ ကြိုတင်ထုတ်ပေးမည်ဖြစ်သည်။ ထွက်ရှိလာသည့် သီးနှံများကိုလည်း ကုန်ချောထုတ်လုပ်မည့် လုပ်ငန်းရှင်ထံ အရောက် ပေါက်ဈေးအတိုင်း ရောင်းချခွင့်ရမည်ဖြစ်သည်။

ထိုက်သင့်သည့် ဈေးနှုန်းရရှိမည်ဖြစ်ပြီး ဈေးကွက်သေချာမှုလည်းရှိပေရာ တောင်သူများ၏ လယ်ယာစီးပွားမြှင့်တင်ရေးအတွက် ထိရောက်သည့်အစီအမံတစ်ခုဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးရှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခြောက်ခုရှိ ကျေးရွာပေါင်း ၂၅၀၀ ခန့်တွင် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးလက်နေပြည်သူ များအနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။

ကျေးရွာအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထူထောင်ဆောင်ရွက်မှုမှ တိုးပွားလာသော  ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာနေပြည်သူများ စိတ်တိုင်းကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရစိုက်ပျိုးရေးကဏ္ဍတွင် ဒေသ၏ ရေမြေသဘာဝ ရာသီဥတုနှင့် ကိုက်ညီသည့်ကော်ဖီ၊ လက်ဖက်၊ ဝဥနှင့် အခြားနှစ်ရှည်သီးနှံပင်များအပါအဝင် ဝင်ငွေကောင်းသည့် သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက်လည်းကောင်း၊ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွား၊ ဝက်၊ နွားနောက်အပါအဝင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက်လည်းကောင်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထူထောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဆိုင်ရာ နည်းပညာနှင့် လိုအပ်ချက်များကိုလည်း  သက်ဆိုင်ရာဌာနများက စဉ်ဆက်မပြတ် ကူညီဖြည့်ဆည်းပေးရန်လည်း စီမံဆောင်ရွက်ထားပြီးဖြစ်သည်။

          ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ရှိ ကျေးရွာများအတွက် ငါးလုပ်ငန်းဆောင်ရွက်ရန် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေးမည် ဖြစ်ပေရာ အိမ်ထောင်စုတစ်စုချင်း သို့မဟုတ် နီးစပ်ရာဒေသများရှိကျေးရွာများမှ  အစုအဖွဲ့များဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ယခင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော မြစိမ်းရောင် စီမံကိန်းများ အောင်မြင်မှုရှိခဲ့သည့် အစဉ်အလာများပေါ် အခြေခံလျက် ယနေ့အချိန်အခါနှင့်ကိုက်ညီမည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် သင့်တော်သည့်လုပ်ငန်းစဉ်များကို သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် နိုင်ငံတစ်ဝန်း  နယ်စပ်ဒေသမကျန် ပြည်သူများ၏စားဝတ်နေရေးတိုးတက်စေရေး၊ ဒေသအသီးသီး၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊ ပြည်တွင်းစားရေရိက္ခာ ဖူလုံပိုလျှံပြီး ပို့ကုန်တိုးမြှင့်ရေးအတွက် နိုင်ငံတော်အစိုးရက သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်မှုအပေါ် သက်ဆိုင်သူများ အားလုံးက အောင်မြင်အောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။