RS to CS မျိုးသန့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၇၀၀ ကျော် လျာထားစိုက်ပျိုး

RS to CS မျိုးသန့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက ၇၀၀ ကျော် လျာထားစိုက်ပျိုး

မကွေးတိုင်းဒေသကြီး   မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် RS to CS မျိုးသန့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဧက ၇၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

 ဒေသခံတောင်သူတွေက   မနောသုခနဲ့ ဧရာမင်း စပါးမျိုးတွေကို   အများဆုံးစိုက်ပျိုးကြပြီးတော့ စပါးမျိုးစေ့ထုတ်လုပ်ငန်းအနေနဲ့  ဧက ၇၀၀ ကျော် ဆောင်ရွက်လျက်ရှိပါတယ်။ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရာမှ RS to CS မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းအဖြစ် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ဒေသခံတောင်သူတွေပူးပေါင်းပြီး ဧက ၃၀ စိုက်ပျိုးနေပြီးတော့ အခြားတောင်သူတွေကလည်း မျိုးစေ့ထုတ်သီးသန့်စိုက်ပျိုးတာတွေရှိပါတယ်။  မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်တဲ့ တောင်သူတွေကို နိုင်ငံတော်အစိုးရက ယူရီးယားဓာတ်မြေသြဇာကို ထုတ်ဈေးအတိုင်း ဈေးနှုန်းသက်သာစွာနဲ့   ဖြန့်ဖြူးရောင်းချ ပေးသွားမှာပါ။

ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့  စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်  သဘာ၀ EM သုံးစွဲနည်း၊ မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အခြားသွင်းအားစုတွေနဲ့ စိုက်ပျိုးနည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပြီးတော့  စီမံကိန်းလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးဆက်စပ်ဌာန တွေနဲ့ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌   ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၄၃၈ ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ယနေ့အထိ ၃၀၀၃၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အလားတူ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း RS to CS မျိုးသန့်မျိုးစေ့ ထုတ်လုပ်ငန်းအဖြစ် ၇၁၉ ဧက လျာထား ဆောင်ရွက်နေပြီး ယနေ့အထိ ၂၁၉ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

                           မောင်မောင်(မင်းဘူး)