အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန်လို

နေပြည်တော်  သြဂုတ်  ၁၉

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၈-၈-၂၀၂၂ ရက်   ည ၈ နာရီမှ ၁၉-၈-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၃၂၂ ခုအား စစ်ဆေး ပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၅၁ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၂ ဦးအနက် ၁၃ ဦး၊ ၄၀ ဒသမ ၆ ရာခိုင်နှုန်းမှာ ပြည်ပမှဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှတွေ့ရှိခြင်းဖြစ်ပြီး  ၁၉ ဦး၊ ၅၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၆၅၃၆၉၂ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြု လူနာ စုစုပေါင်း ၆၁၄၅၇၃ ဦး ရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၃၁၈၅ ဦး ရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၇ ဦးရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက်မှ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ   ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက်ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး  BA.4၊ BA.5၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့်    သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန်လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ၆ လ ရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံရန် လိုအပ်သည်။

သို့ဖြစ်ပါ၍    ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို   မပျက်မကွက်ခံယူကြပါရန်  တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။