ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၄၈  ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၄၈  ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၆၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  သြဂုတ်  ၂၀

 ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၉-၈-၂၀၂၂ ရက်   ည ၈ နာရီမှ ၂၀-၈-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၅၁၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၄၈ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၆၄ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄၈ ဦး အနက် ၁၈ ဦး၊ ၃၇ ဒသမ ၅ ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး  ၃၀ ဦး၊ ၆၂ ဒသမ ၅ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၆၆၁၂၀၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၆၁၄၆၂၁ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့်  ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၃၀ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၃၂၁၅ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၇ ဦးရှိသည်။

ကျန်းမာရေး ဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု လူနာများအနက်မှ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ   ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း၌ ကူးစက်ဖြစ်ပွားသူများတွင် အိုမီခရွန်မျိုးရိုး BA.4 ၊ BA.5 ၊ BA.2.75 နှင့် BA.2.76 တို့ ကူးစက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများ အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့် အထက် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ၆ လရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံရန် လိုအပ်သည်။

သို့ဖြစ်ပါ၍    ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို   မပျက်မကွက် ခံယူကြပါရန်  တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။