မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာအဓိကဆိုသည့် အားကစားသမားများ၏ စကားသံမျာ

မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာအဓိကဆိုသည့် အားကစားသမားများ၏ စကားသံများ

အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၆ ရက်ထိ  ကျင်းပခဲ့သော (၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် ရွှေ ၁၄ ခု၊ ငွေ ၁၂ ခု၊ ကြေး ၁၇ ခု စုစုပေါင်း ဆုတံဆိပ် ၄၃ ခုရရှိပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၆ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော အုပ်ချုပ်သူ၊ နည်းပြ၊  အားကစားသမားများအား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ အဆိုပါပြိုင်ပွဲတွင် “မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်နိုင်မှုသာအဓိက” ဆိုသူတို့၏ စကားသံများကို ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးချုပ်လှမိုး(မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ)

    (၁၁) ကြိမ်မြောက်  အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှ  အားကစားနည်း ခုနစ်နည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလို ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အားကစားနည်း ငါးမျိုးက ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆုတံဆိပ်တွေ အနေနဲ့ကတော့ ရွှေတံဆိပ် ၁၄ ခု ၊ ငွေတံဆိပ်  ၁၂ ခု၊ ကြေးတံဆိပ်  ၁၇ ခု စုစုပေါင်း ၄၃ ခု ရရှိခဲ့ပါတယ်။  ကျွန်တော်တို့   အဓိက အားထားသွားတာကတော့ ပြေးခုန်ပစ်နဲ့  ရေကူးကို အားထားပြီး သွားခဲ့ရတာပေါ့။

ခုနစ်ယောက်တစ်ဖွဲ့ ဘောလုံးအားကစားနည်းမှာ ကြေးရခဲ့ပါတယ်။ ကျန်တဲ့ ဂိုးဘော(မျက်မမြင်)နဲ့   ထိုင်လျက်ဘော်လီဘော တို့ကတော့  ဆုတံဆိပ်တော့ မျှော်မှန်းခဲ့ပေမယ့်  ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ရပါတယ်။ ပြေးခုန်ပစ်နဲ့ ရေကူးကတော့ ရွှေတံဆိပ်တွေ ရရှိခဲ့ပါတယ်။   အားနည်းချက်တွေတော့ရှိတယ်၊ သို့သော်လည်း အားသာချက်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ လေ့ကျင့်ခဲ့တာက ၂၀၂၁ ခုနှစ်   သြဂုတ်လမှာ လေ့ကျင့်မှုတွေလုပ်ခဲ့တယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် နားခဲ့ရပြီး နိုဝင်ဘာလောက်မှာ  ပြန်ပြီးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။ အားကစားပြိုင်ပွဲမှာတော့  ၁၄ မျိုးရှိတာပေါ့။ ကျွန်တော်တို့အနေနဲ့ ဝင်ပြိုင်နိုင်တာကတော့ ခုနစ်မျိုးဖြစ်ပါတယ်။ ဒီခုနစ်မျိုးမှာ ဆုတံဆိပ်က ၆၃ ခုပေးမှာပေါ့။  ဒါကိုပဲ ကျွန်တော် ဝင်ပြိုင်သလိုဖြစ်တာပေါ့။ ဒီထဲမှာ ကျွန်တော်တို့အနေနဲ့ ၄၃ ခုရရှိခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့   ရှိတဲ့အင်အားနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာ   အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အားနည်းချက်ဖြစ်ခဲ့တဲ့ အားကစားနည်းတွေကို  လူသစ်ရှာဖွေလေ့ကျင့်ဖို့ ရှိပါတယ်။ နောက်နှစ်လလောက်နေရင်တော့   ပြန်လည်စုဖွဲ့ပြီး လာမယ့်ကမ္ဘောဒီးယား ပြိုင်ပွဲမှာ အခုထက်   ပိုမိုအောင်မြင်မှုများ ရရှိအောင် လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။   ကျွန်တော်တို့ အားကစားသမားတွေက မသန်စွမ်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း  မသန်ပေမယ့် စွမ်းပါတယ်။ အခုအချိန်မှာ  နိုင်ငံတော်ကလည်း အားပေးတဲ့အတွက် အောင်မြင်မှု တွေရရှိခဲ့တယ်။    နောက်လည်း   ပိုမို အောင်မြင်အောင်နဲ့   အားကစားနည်းတွေထပ်တိုးပြီးလည်း ယှဉ်ပြိုင်နိုင်ဖို့ နည်းပြပိုင်း၊    အားကစားသမားပိုင်းတွေရော၊ ကြီးကြပ်သူအပိုင်းရော  အားဖြည့်ပြီး နည်းစနစ် လိုအပ်ချက်တွေပါ  ဖြည့်ဆည်းပြီးတော့ ယခုရပ်တည်အဆင့် ၆ ကနေ တိုးတက်အောင် စီမံဆောင်ရွက်လျက် ရှိပါတယ်လို့ ပြောကြားလိုပါတယ်။

ဦးဝင်းမြင့် (မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ) (လေ့ကျင့်ရေး)

 ကြိုတင်ပြင်ဆင်မှု အပိုင်းမှာတော့ ကျွန်တော်တို့စတင် လေ့ကျင့်တဲ့နေရာမှာ ယခင်နှစ်များက ပြိုင်ပွဲတွေမှာ  ဆုတံဆိပ်ရရှိတဲ့  အားကစားသမားအပြင်  အလား အလာကောင်းတဲ့ အားကစားသမားတွေကို စုဖွဲ့လေ့ကျင့်စေခဲ့ပါတယ်။ လေ့ကျင့်မှု စံချိန်စံညွှန်း အတက်အကျတွေကို လစဉ်ဆန်းစစ်မှုတွေ   ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အာဆီယံပွဲတွေမှာရရှိခဲ့တဲ့ ရွှေ၊ ငွေ၊ ကြေးစံချိန်တွေကို ချိန်ထိုးပြီး  အားနည်းချက်၊ အားသာချက်တွေကို  သက်ဆိုင်ရာ အားကစားနည်းပြတွေနဲ့  ဆွေးနွေးကာ လိုအပ်ချက်တွေကို   ဖြည့်စွက်လေ့ကျင့် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားနည်းက မသန်စွမ်း အားကစားဆိုတော့  ကစားသမားရှာရတော့ ခက်ပါတယ်။ ကစားသမားတွေကိုတော့  သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ကစားသမားတွေကို ရှာရပါတယ်။ ကစားနည်းတွေထဲမှာ ကိုယ်လက်စွန့်ရသူတွေ၊ မျက်စိမမြင်သူတွေစသဖြင့် ပါပါတယ်။ အခုလို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ချီးမြှင့်မှုအပေါ်မှာတော့ အလွန်ဝမ်းသာတာပေါ့ ပြောမပြတတ်အောင်ပါပဲ။   ကျွန်တော်တို့ရဲ့ အားကစားသမားတွေက “မသန်ပေမယ့် စွမ်းတယ်” ဆိုတာကို  ပြနိုင်ခဲ့တယ်။

နိုင်ငံတော်အတွက်လည်း   နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ခဲ့တဲ့အတွက် အားကစားသမားများ ကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်။

မသန်ပေမယ့် စွမ်းဆောင်နိုင်ခဲ့တဲ့ အားကစားသမားများကို နိုင်ငံတော်အနေနဲ့  အခုလို အခမ်းအနားကြီးနဲ့ နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ဆုများချီးမြှင့်တဲ့ အတွက် အားရကျေနပ် ပီတိဖြစ်ရပါတယ်။ နောင်လာမယ့် ပွဲတွေမှာလည်း အားကစားသမားတွေအဖို့ နိုင်ငံတော်အလံကို   နိုင်ငံတကာအလယ်မှာ  ဂုဏ်ယူစွာ လွှင့်ထူနိုင်အောင်၊  နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပိုမိုကြိုးစားလိုစိတ်တွေ ဖြစ်ပေါ်လာပါတယ်။  ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့လည်း ပိုမိုကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။

ဦးကျော်မင်းဇံ (နည်းပြ)

    ကျွန်တော်တာဝန်ယူ လေ့ကျင့်ပေးရတဲ့ အားကစားနည်းကတော့ သံလုံး၊ သံပြားပစ် နည်းစနစ်တွေကို  သင်ကြား လေ့ကျင့်ပေးရပါတယ်။ လေ့ကျင့်ရေး ကာလအတွင်းမှာ ကစားသမားများကို မူသုံးရပ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ Speed ၊ ခံနိုင်ရည်၊ Power ဆိုတဲ့ သုံးချက်နဲ့  လေ့ကျင့်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ယခုအကြိမ်ကတော့ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်က ထိုက်ထိုက်တန်တန် ချီးမြှင့်ခြင်း ခံရတာဖြစ်ပါတယ်။ အခုလို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးတဲ့  နိုင်ငံတော်အကြီးအကဲကိုလည်း  ကျေးဇူးအထူးတင်ရှိပါတယ်။

ဒုတပ်ကြပ်စိုးပေ (ပြေးခုန်ပစ် အားကစားနည်း) ရွှေတံဆိပ်ဆုရှင်

    (၁၁) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲမှ မီတာ ၁၀၀၊ မီတာ ၂၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ ရရှိခဲ့ပြီး မီတာ  ၄၀၀ လက်ဆင့်ကမ်းပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ခု ရရှိခဲ့ပါတယ်။ အဓိက ကတော့ စိတ်ဓာတ်ပါပဲ။ မသန်ဘူးဆိုပေမယ့် စွမ်းနိုင်ဖို့ပါပဲ။ အုပ်ချုပ်သူ၊ နည်းပြများရဲ့ သွန်သင်ဆုံးမမှု၊   လေ့ကျင့်ရေးမှာလည်း  လိုက်နာဆောင်ရွက် ခဲ့မှုများကြောင့် အခုလို ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အတွက်တော့ တကယ့်ကို ပြောင်းလဲမှုကြီးတစ်ခုကို နိုင်ငံတော်အကြီးအကဲက ချီးမြှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

မောင်အောင်မြင့်မြတ်

    ကျွန်တော့်အနေနဲ့ ဆုတံဆိပ် သုံးခုရရှိခဲ့ပါတယ်။ မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲမှာ ရွှေတစ်ခု၊ မီတာ ၁၀၀ ပက်လက်ကူး ပြိုင်ပွဲမှာ ရွှေတစ်ခု၊ မီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲမှာ   ကြေးတစ်ခု ရရှိခဲ့ပါတယ်။ ကျွန်တော်တို့နည်းပြကြီးရဲ့    သွန်သင်မှုနဲ့ ကြိုတင်ဆောင်ရွက်ခဲ့ရာမှာ    ရေကူး အားကစားသမား ခုနစ်ဦး  ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ခြောက်ဦး ဆုတံဆိပ်များ ရရှိခဲ့ပါတယ်။  ကျွန်တော်တို့ရဲ့   ကြိုးစားမှုကတော့ ကျွန်တော်တို့ နိုင်ငံတော်အလံကို နိုင်ငံတကာရှေ့မှာ ကိုယ့်နိုင်ငံအလံ ထိပ်ဆုံးက လွှင့်ထူနိုင်ဖို့ပါပဲ။ ဒါကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါ။  ကျွန်တော်အားကစားပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်လာတာ  ၁၁  နှစ်လောက်ရှိပါပြီ။ အခုလိုမျိုးတော့ ထိုက်ထိုက် တန်တန် မရရှိဖူးပါဘူး။   ရတော့ရတယ်။ ယခုလောက်တော့  မရရှိခဲ့ပါဘူး။  အခုလို နိုင်ငံတော်က ခမ်းခမ်းနားနားနဲ့ ချီးမြှင့်မှုအတွက် များစွာ ဝမ်းသာပီတိဖြစ်ရပါတယ်။

မထက်ထက်အေး

    ပြေးခုန်ပစ် အားကစားနည်းမှာ သံလုံး၊ သံပြား၊  လှံတံနဲ့ ဆုတံဆိပ်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ သံလုံးပစ်မှာ ရွှေတံဆိပ်တစ်ခု၊ သံပြားပစ်မှာ ရွှေတံဆိပ်တစ်ခုနဲ့ လှံတံပစ်မှာ ကြေးတံဆိပ်တစ်ခု ရရှိခဲ့ခြင်းဖြစ်ပါတယ်။   ဆုတံဆိပ်တွေ ရရှိတာကတော့ အဖွဲ့ချုပ်က  တာဝန်ရှိသူများရဲ့ ပံ့ပိုးပေးမှု၊ နည်းပြများရဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကြောင့် အခုလို ဆုတံဆိပ်တွေ ရရှိခဲ့တာပါ။

အခုလို နိုင်ငံတော်က  ခမ်းခမ်းနားနားနဲ့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ချီးမြှင့်ပေးတဲ့အတွက်   များစွာ ဂုဏ်ယူပီတိဖြစ်ရပါတယ်။   ။

ဇော်မျိုး(နေပြည်တော်)