Army-2022 Forum  ၌ တရုတ်က အဝေးထိန်း ရေအောက် မိုင်းရှင်းယာဉ်ဖြင့် ပါဝင်ပြသ

Army-2022 Forum  ၌ တရုတ်က အဝေးထိန်း ရေအောက် မိုင်းရှင်းယာဉ်ဖြင့် ပါဝင်ပြသ

ရုရှားနိုင်ငံ၌ ကျင်းပနေသော စစ်လက်နက် ပစ္စည်းပြပွဲဖြစ်သည့် Army-2022 Forum တွင် တရုတ်ကာကွယ်ရေး စက်မှုလုပ်ငန်းမှ ကိုယ်စားလှယ်များက အဝေးထိန်း ရေအောက် မိုင်းရှင်းယာဉ်ဖြင့် ပါဝင်ပြသခဲ့ကြောင်း သိရသည်။

EA63 အမျိုးအစား အဆိုပါ အဝေးထိန်း ရေအောက်မိုင်းရှင်း ယာဉ်သည် ရေပြင်မိုင်းရှင်းလင်းရေး လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် ပါဝင်နိုင်မည်ဖြစ်ပြီး  ရေပြင်ပေါ်ရှိ သင်္ဘောပေါ်တွင် နေရာယူထားမည်ဖြစ်သည်ဟု တရုတ်ကာကွယ်ရေး စက်မှုလုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက သြဂုတ် ၂၁ ရက်တွင်ပြောသည်။

အဆိုပါယာဉ်သည် အလိုအလျောက် သွားလာလှုပ်ရှား ဆောင်ရွက်နိုင်သည့်အပြင် ကေဘယ်ကြိုးကို အသုံးပြုကာ အဝေးမှနေ၍ ထိန်းချုပ်နိုင်ကြောင်း၊ အကွာအဝေးမှာ ပင်မယာဉ်မှ မီတာ ၅၀၀ အတွင်း သွားလာနိုင်မည် ဖြစ်ကြောင်းနှင့် အနက်ဆုံးအနေဖြင့် မီတာ ၃၀၀  အထိ ငုပ်လျှိုးနိုင်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

ထိုယာဉ်ကို တည်ဆောက်ထားသည့်စနစ်မှာ ရေအောက်အနက်ပိုင်းရှိ ရေမြှုပ်မိုင်းများကို  ထောက်လှမ်းရှာဖွေ ဖျက်ဆီးနိုင်သည့် စနစ်ဖြစ်သည်။

ယာဉ်ကို  ထိန်းကျောင်းသူအနေဖြင့် ထိုယာဉ်တွင်ပါဝင်သည့် ရေအောက်သုံး ဗီဒီယိုကင်မရာမှ တစ်ဆင့် မိုင်းများကို ရှာဖွေနိုင်မည်ဖြစ်ကာ တွေ့ရှိရသည့် မိုင်းအမျိုးအစားအပေါ်မူတည်၍ လိုအပ်သည့် နည်းလမ်းများကို လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။

ထို့ပြင် အဝေးထိန်း ရေအောက်မိုင်းရှင်းယာဉ်၌ အထူးပြုလုပ်ထားသည့် ကတ်ကြေးများကို တပ်ဆင်ထားပြီး  မိုင်းများကိုသွယ်တန်းထားသည့် ကြိုးများကိုဖြတ်နိုင်မည် ဖြစ်သည်။အဆိုပါရေအောက် မိုင်းရှင်းယာဉ်များကို မိုင်းရှင်း/မိုင်းခင်း သင်္ဘောများနှင့် တွဲဖက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်ဟု သိရသည်။