စံချိန်တင်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ

စံချိန်တင်သဘာဝ ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပ

ဥရောပဒေသဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်းမြင့်တက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အခုဆိုရင် သြဂုတ် ၂၃ ရက်အတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်း အဖွင့်ဈေးက တစ်မဂ္ဂါဝပ်နာရီကို  ၂၉၁ ယူရိုအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

ဒီကြားထဲမှာ သဘာဝဓာတ်ငွေ့ အဓိက ရယူနေတဲ့ ရုရှားရဲ့ Nord Stream 1 ပိုက်လိုင်းက လာမယ့်လရောက်ရင် ရက် အနည်းငယ် ပိတ်ထားဦးမှာဖြစ်တာကြောင့် သဘာဝဓာတ်ငွေ့ တစ်မဂ္ဂါဝပ်နာရီကို ယူရို ၄၀၀  နားအထိ ရောက်ရှိနိုင်တယ်လို့ လေ့လာသူများက သုံးသပ်ထားပြန်ပါတယ်။

တကယ်တမ်းတော့  ဒါဟာ အဆိုးဆုံး အခြေအနေ မဟုတ်သေးပါဘူး။ ဒီထက်ပိုဆိုးတဲ့ အခြေအနေကိုလည်း မျှော်မှန်းထားနိုင်ပါသေးတယ်။

အဲဒါကတော့ မကြာခင် ကျရောက်တော့မယ့် ဆောင်းရာသီမှာ အနွေးဓာတ် ရရှိရေးအတွက်  အဓိကအသုံးပြုရမယ့်  သဘာဝဓာတ်ငွေ့ လိုအပ်ချက်  ပိုမိုများပြားလာမှာ ဖြစ်သလို အဲဒီအချိန်ရောက်ရင် ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ လုံးဝမရရှိနိုင်တော့မယ့် အခြေအနေဖြစ်ပါတယ်။

ဥရောပမှာရှိတဲ့   အစိုးရတာဝန်ရှိသူ အသီးသီးကတော့ အဲဒီအဆိုးဆုံး အခြေအနေကို မျှော်မှန်းပြီး   သူတို့ရဲ့သဘာဝဓာတ်ငွေ့ သိုလှောင်ကန်တွေထဲ  ဓာတ်ငွေ့ အပြည့်ဖြည့်နိုင်အောင် ကြိုးစားပေမယ့်လည်း သူတို့အရေးယူ ပိတ်ဆို့ထားတဲ့ ရုရှားဆီကနေ လိုအပ်သလောက် မရနိုင်တဲ့အခြေအနေလည်း ရှိနေပြန်ပါတယ်။

ဒီအတွက် သဘာဝဓာတ်ငွေ့ တင်သွင်းသူများက ရုရှားမဟုတ်တဲ့ တခြားအရင်းအမြစ် တွေဆီကနေ ဓာတ်ငွေ့ပိုမို တင်သွင်းနိုင်ဖို့ ကြိုးစားပေမယ့် သိပ်တော့ အရာမထင်ပါဘူး။

အခုလို သဘာဝဓာတ်ငွေ့ ဈေးနှုန်းတွေ မြင့်တက်လာရတဲ့အတွက် စက်မှုလုပ်ငန်း တွေကလည်း ကုန်ကျစရိတ် မြင့်မားလာတာကြောင့်   ဥရောပမှာ ရှိတဲ့ပြည်သူများဟာ မိုးထိအောင်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်ဒဏ်ကို ခါးချည့်အောင် ခံစားနေရပါတယ်။

အလားတူပဲ ပြည်သူအများစုဟာ နေထိုင်စားသောက်စရိတ် အဆမတန်မြင့်တက်လာတဲ့ ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ဆူပူအုံကြွဆန္ဒပြမှုတွေ လုပ်လာနိုင်တယ်လို့ နိုင်ငံရေး သမားတချို့က သတိပေးထားပါတယ်။

အထူးသဖြင့်တော့ စွမ်းအင် လိုအပ်ချက် အလွန်မြင့်မားသကဲ့သို့ စွမ်းအင်ရရှိနိုင်မှု အလွန်နည်းပါးတဲ့ ဆောင်းရာသီလို ကာလအတွင်းမှာ လူထုဆူပူအုံကြွမှုတွေ မလွဲဧကန် ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။