တရုတ်က အာဖရိကနိုင်ငံ အများစုကိုအကြွေး လျှော်ပစ်မည်

တရုတ်က အာဖရိကနိုင်ငံ အများစုကိုအကြွေး လျှော်ပစ်မည်

တရုတ်အစိုးရအနေဖြင့် အာဖရိကဒေသရှိ နိုင်ငံ ၁၇ နိုင်ငံကို ချေးပေးထားသော အတိုးမဲ့ချေးငွေ ၂၃ မျိုးကို လျှော်ပစ်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့တွင် ထားရှိသည့် တရုတ်နိုင်ငံပိုင် အရန်ငွေများအနက်   အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကိုလည်း အာဖရိကရှိ နိုင်ငံများသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း   သိရသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၌  ထိုကဲ့သို့အကြွေးများ လျှော်ပစ်မည့် အစီအစဉ်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ကြေညာခြင်းဖြစ်သည်။

သို့သော် လျှော်ပေးသည့် ငွေကြေးပမာဏ မည်မျှရှိသည်ကို အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း ထိုအကြွေးများသည် ပြီးခဲ့သည့် နှစ်ကုန်ကတည်းက ပြန်ဆပ်ရန် အချိန်စေ့သည့်  အကြွေးများဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် ၂၀၀၀ ပြည့်နှစ် ကတည်းကစ၍ အာဖရိကနိုင်ငံများသို့ ထုတ်ချေးပေးထားသော အတိုးမဲ့ချေးငွေ အများအပြားကို မကြာခဏ လျှော်ပေးလေ့ရှိပြီး ၂၀၁၉ ခုနှစ်အထိ လျှော်ပေးသည့် အကြွေးပမာဏမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံရှိကြောင်း   ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြ ထားသည်ကို တွေ့ရသည်။

အာဖရိကဒေသ အနေဖြင့် မျှော်လင့်ထားနိုင်သည်မှာ တစ်ဖက်တည်းကသာ အကျိုးရှိသည့် စစ်အေးခေတ် သဘောထားမျိုး မဟုတ်ဘဲ  သဘောကျလိုလားပြီး အခင်အမင်မပျက်သော  ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဝမ်ယီက ပြောသည်ဟု သိရသည်။