အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲ ကျင်းပ

အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား လေးခရိုင်အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက် ညနေပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပသည်။

ဘောလုံးပြိုင်ပွဲတွင်   ထားဝယ်ခရိုင် အသင်းနှင့် မြိတ်ခရိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြိတ်ခရိုင်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ထို့နောက်ဆုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြိုင်ပွဲတစ်လျှောက်တွင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို က ရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်း၊ ဂိုးအကောင်းဆုံးနှင့် ပွဲစဉ်တစ်လျှောက်တွင် အကောင်းဆုံး အားကစားသမားဆု ရရှိသူများကို လည်းကောင်း၊  တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက ဒုတိယဆုရရှိသည့် ထားဝယ်ခရိုင်အသင်းကို လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ခင်ကျော်က ပထမဆုရရှိသည့် မြိတ်ခရိုင် အသင်းကို တစ်ဦးချင်း ဆုနှင့်ငွေသားဆုများ ကို လည်းကောင်း အသီးသီး ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး က ပထမဆုရရှိသည့် မြိတ်ခရိုင်အသင်း ကို တံခွန်စိုက်ဆုဖလား ပေးအပ်ကြောင်း သိရသည်။