ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ်နှစ်ဦး ထပ်တိုး

နေပြည်တော် သြဂုတ် ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ်နှစ်ဦး ထပ်တိုးကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်များတွင် (၆-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ်အဖြစ် စစ်ဆေးပြီးစီးခဲ့ သောဓာတ်ခွဲနမူနာ ၄၄ဝ ခုတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ်နှစ်ဦး တွေ့ရှိရသည်။

(၆-၈-၂ဝ၂ဝ) ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဓာတ်ခွဲနမူနာ၈၁၆ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၃၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၅၈ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၈ဝ ခုနှင့် ရန်ကုန်မြို့ အမှတ် (၁)တပ်မတော် ဆေးရုံကြီး ကုတင်- ၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၁၉ ခု စုစုပေါင်း ၁၃ဝ၈ ခုအား စစ်ဆေးခဲ့သည်။

(၇-၈-၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၃၇ဝခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၆၆ ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၃၁ ခု စုစုပေါင်း ၆၇၈ ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။

(၇-၈-၂ဝ၂ဝ)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၅၉ ဦးရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ရှိသူတစ်ဦး (Case-254) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုး ကင်းစင်လာသူစုစုပေါင်း ၃ဝ၉ ဦးရှိသည်။ ၎င်းတို့အနက် ၂၉၆ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိ သည်။

ဓာတ်ခွဲ အတည်ပြု လူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၆-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၇-၈-၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီ အတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၂၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။