၂၀၂၂ ခုနှစ်  ဝန်ကြီးဌာန ပေါင်းစုံ အသက်၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

၂၀၂၂ ခုနှစ်  ဝန်ကြီးဌာန ပေါင်းစုံ အသက်၂၅ နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

နေပြည်တော် သြဂုတ် ၂၄

မြန်မာ့ဘောလုံး အားကစားလောက အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်တင်ရေးနှင့်  မျိုးဆက်သစ် ဘောလုံးအားကစားသမား များစွာပေါ်ထွက်လာစေရန် ရည်ရွယ်၍   ၂၀၂၂  ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ   အသက် ၂၅ နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားလေ့ကျင့်ရေး ကွင်းအမှတ်(၃)၌   ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး နှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးသည်။

 ယနေ့ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 သြဂုတ်  ၂၆ ရက်တွင်  ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌  ညနေ ၃ နာရီတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်း၊ ညနေ ၅ နာရီတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ ဘောလုံးအားကစားနည်းကို   စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့   လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သတင်းရရှိသည်။

အလားတူ   မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူး ကျင်းပသော ၂၀၂၂  ခုနှစ် မြန်မာနေရှင်နယ်လိဂ် (၁)အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၉)ကို ယနေ့ ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဂျီအက်ဖ်အေအက်ဖ်စီအသင်းတို့  ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက် အသင်းက ဂျီအက်ဖ်အေ အက်ဖ်စီအသင်းကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

ယနေ့ပွဲစဉ်တွင်   နှစ်ဖက်အသင်းမှ ကစားသမားများမှာ အပေးယူ အချိတ်အဆက် မိမိ ကစားခဲ့ကြရာ ရန်ကုန်ယူနိုက်တက် အသင်းက ပွဲကစားချိန် ၈ မိနစ်တွင် ကျော်ဖြိုးဝေက ဦးဆောင်ဂိုးကို စတင်သွင်းယူ ပေးနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၄ မိနစ်တွင် ရန်ကုန်ယူနိုက် တက်အသင်းမှ ဂျူနီယာက ဒုတိယဂိုးကို ဆက်လက်သွင်းယူ ပေးနိုင်ခဲ့သောကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက ဂျီအက်ဖ်အေအက်ဖ်စီ အသင်း ကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။

ဒုတိယပိုင်းတွင်လည်း နှစ်ဖက်အသင်းများမှ ကစားသမားများ လဲလှယ်မှုများပြုလုပ် ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း ပထမပိုင်းရလဒ်ဖြစ်သော ရန်ကုန်ယူနိုက်တက် အသင်းက  ဂျီအက်ဖ်အေအက်ဖ်စီ အသင်းကို ၂ ဂိုးပြတ်ဖြင့်သာ အနိုင်ရရှိသည်။

သြဂုတ်၂၅  ရက်(ယနေ့)တွင် ၂၀၂၂ ခုနှစ် မြန်မာနေရှင်နယ်လိဂ်(၁)   အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ်(၉ )မှ ရတနာပုံ FC  အသင်းနှင့် ISPE  FC အသင်းတို့သည် ညနေ ၃ နာရီတွင် သုဝဏ္ဏ အားကစားကွင်း၌  ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။