ပါကစ္စတန်၌ ရေကြီးမှု လူ  ၈၀၀ ကျော် သေဆုံးပြီး နိုင်ငံတကာ အကူအညီ လိုအပ်နေ

ပါကစ္စတန်၌ ရေကြီးမှု လူ  ၈၀၀ ကျော် သေဆုံးပြီး နိုင်ငံတကာ အကူအညီ လိုအပ်နေ

    ပါကစ္စတန်နိုင်ငံ၌ ဖြစ်ပွားသော ရေကြီးမှုအတွင်း  လူ ၈၀၀ ကျော် သေဆုံးထားပြီး ထိုသဘာဝဘေးကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်နေကြောင်းရာသီဥတုပြောင်းလဲမှု ရေးရာဝန်ကြီးက သြဂုတ်၂၄ ရက်တွင် ပြောသည်။

ထိုနိုင်ငံ၌ ဇွန်လမှစ၍ မုတ်သုံရာသီ စတင်ကာ မိုးရွာသွန်းနေခြင်းဖြစ်ပြီး သြဂုတ် ၂၄ ရက်အထိ ၂၄ နာရီအတွင်းမှာပင် ရေကြီးမှုကြောင့်  ကလေးငယ် ကိုးဦးအပါအဝင် လူတစ်ဒါဇင်ကျော် သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုဆိုလျှင် မိုးအဆက်မပြတ် ရွာသွန်းနေသည်မှာ   တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုအားလုံး မရှိတော့ကြောင်း ဘာလိုချီစတန်ပြည်နယ်မှ ခန်ဇာဒီအမည်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

ထို့ပြင် ၎င်းတို့တွင်ဆိတ်တစ်ကောင်တည်းသာရှိကြောင်း၊ ယခုထိုဆိတ်မှာလည်း ရေကြီးမှုအတွင်း နစ်မြုပ်သေဆုံးသွားပြီဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့အနေဖြင့် လမ်းဘေးတွင် လှဲပြီး  အငတ်ဘေးကို ရင်ဆိုင်နေရကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

ထို့ကြောင့်  တာဝန်ရှိသူများအနေဖြင့် လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ပြီးပါက နိုင်ငံတကာမှ အကူအညီများကို  တောင်းခံမည်ဖြစ်ကြောင်း ရာသီဥတုပြောင်းလဲရေး ဆိုင်ရာဝန်ကြီး ရှယ်ရီရယ်မန်က ပြောသည်။

ကောက်ပဲသီးနှံများ စိုက်ပျိုးရေးအတွက် သာမက နိုင်ငံတစ်ဝန်းရှိ မြစ်ချောင်း အင်းအိုင်များ ရေပြည့်စေရေးအတွက် မုတ်သုံရာသီအတွင်း  မိုးရွာသွန်းရန် လိုအပ်သော်လည်း ပါကစ္စတန်နိုင်ငံ အနေဖြင့်  နှစ်စဉ်နှစ်တိုင်း ရေကြီးမှုများကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း သိရသည်။