စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ

စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကျင်းပ

ရန်ကုန်   သြဂုတ်  ၂၆

ပန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်  ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်ရှိ  စာပေဗိမာန်ခန်းမ၌ ကျင်းပရာ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးသက်ပုံ၊    စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ   သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  Video Message ဖြင့် မိန့်ခွန်းပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကို စာမျက်နှာ(၆)တွင် သီးခြား ဖော်ပြထားပါသည်။)

ထို့နောက်   စာပေဗိမာန်၏ သမိုင်းမှတ်တမ်းပုံရိပ် Video  မှတ်တမ်းကို  ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာ၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ၏ စေတနာနှင့် စာပေပညာရှင် ကြီးများကို ဂုဏ်ပြုချီးမြှောက်ခြင်း အနေဖြင့် ပညာရှင်ကြီးများ၏ လူမှုဘဝ ပိုမိုဖူလုံစေရေးအတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆု များကို တိုးမြင့်ချီးမြှင့်ခဲ့ပါကြောင်း၊  ထို့ပြင် စာပေပညာရှင်များကိုလည်း ထိုက်တန်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးများ   ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီး၊ ဆရာမကြီးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း စီစဉ်ပေးလျက် ရှိပါကြောင်း။

အထူးသဖြင့် စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာရပ်ဝန်း အသီးသီးရှိ အနုပညာဖန်တီးမှု လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းလျက် အဆင့်မြင့်ခေတ်မီစွာ ဆောင်ရွက်နိုင်ရန် အတွက် အနုပညာဗဟိုဌာန အဆောက်အဦ(Art Centre)ကို တည်ဆောက်ရန်  လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊    ထိုနည်းတူ စာရေးဆရာကြီးများ၊    စာပေပညာရှင်ကြီးများ စာပေရေးဖွဲ့ဖန်တီးမှု လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်၊ စာပေလောကသားများ စုစည်းဆောင်ရွက်စေရန်၊ မြန်မာစာပေဖွံ့ဖြိုးရေး လုပ်ငန်းများ ထာဝရရှင်သန်စေရန်၊ စာပေချစ်မြတ်နိုးသူများ လေ့လာနိုင်ရန် စာဆိုဗိမာန်ကြီး တည်ဆောက်ရန် အတွက် စတင်စိုင်းပြင်းနေပြီ ဖြစ်ပါကြောင်း၊ မြန်မာစာပေနယ်ပယ် ဖွံ့ဖြိုးရေးနှင့် စာပေ လောကသားများ စည်ပင်ဖူလုံရေး အတွက် အရေးထား ဆောင်ရွက်ပေးခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်း ဂါရဝပြုကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါကြောင်း။

မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် စာပေဗိမာန်၏ စာအုပ်စာပေ ထုတ်ဝေရေး လုပ်ငန်းနှင့် မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများ သွက်လက်ရန်၊  စာကောင်းပေမွန်များ ထုတ်ဖော်နိုင်ရန်၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် စာအုပ်စာပေများ ထုတ်ဝေနိုင်ရန်၊ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းမည့် စာပေများ၊ အထူးသဖြင့် လူငယ်များအတွက် နှလုံးရည်နှင့်  ဉာဏ်စွမ်းရည်များ မှန်ကန်တည့်မတ်စွာ ဖွံ့ဖြိုးရန်အတွက် အထောက်အကူပြုနိုင်မည့် စာပေများကို ထုတ်ဝေနိုင်အောင်   ကြီးမှူးလမ်းညွှန်မှု ပြုလျက်ရှိပါကြောင်း။

မိမိတို့ ဦးတည် လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရေးတွင်    စာပေအနုပညာရှင်များ အားလုံး စည်းရုံးလှုံ့ဆော်ပေးကြရန် အလေးအနက် တိုက်တွန်းလိုပါကြောင်း၊    အထူးသဖြင့် စာပေနယ်ပယ်က စာပေလောကသားများသည် ခေတ်အဆက်ဆက်တွင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ကလောင်လက်နက်ဖြင့် ပါဝင်ကူညီခဲ့ကြသလို ရှေ့ဆက်လက်ပြီး  ပါဝင်ကူညီကြရန် ပန်ကြားလိုပါကြောင်း။

စာပေသည် စိတ်၏အစာ၊ ဦးနှောက်အတွက် အာဟာရ၊ စာပေသည် ဘဝ၏မီးရှူး တန်ဆောင်၊    စာအုပ်စာပေ လူ့မိတ်ဆွေ စသည်ဖြင့်   စာပေပညာရှင်ကြီးများက ဆိုမိန့်ခဲ့ပါကြောင်း၊    စာပေဗိမာန်သည် ယင်းစာပေအလင်းကို စာပေစေတနာ၊ စာပေသစ္စာ၊ စာပေသိက္ခာတို့ဖြင့် စိန်ရတုကာလမှသည် နှစ်ပေါင်းရာထောင် ရှည်လျားသော စာပေခရီးကို     ဆက်လက်သယ်ဆောင် ထွန်းညှိနိုင်ပါစေကြောင်း   ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း  ပြောကြားသည်။

ဆက်လက်၍    ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  ဂုဏ်ပြုအမှာစကား ပြောကြားရာ၌   ယနေ့စာပေဗိမာန်သည် ရှေးကကဲ့သို့ အစဉ်အလာစည်းကမ်းများကို ထိန်းသိမ်းရင်း မြန်မာစာပေမြင့်မားရေးနှင့် ပြည်သူများ၏ စာပေမျက်စိ အလင်းဖွင့်ပေးရေးတို့ကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ စာပေဗိမာန်သည် ပင်ရင်း စာပေဆုရှင် နိုင်ငံတော်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည် မြန်မာစာပေကို   မြှင့်တင်ပေးသော အဖွဲ့ဖြစ်ပါကြောင်း၊     စာပေဗိမာန်သည် ပြည်သူကို စာပေအလင်းရောင် ထွန်းလင်းပေးသော မီးအိမ်ရှင်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက    စာပေ ရန်ပုံငွေအတွက် လှူဒါန်းသော   ငွေကျပ် သိန်းပေါင်း ၂၁၄၀ ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက    ပေးအပ်လှူဒါန်းရာ ဆရာကြီး ဦးမောင်မောင်လတ်(နောင်)က လက်ခံရယူသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စာပေရန်ပုံငွေ အတွက် အလှူငွေကျပ်  ၇၅ သိန်းကို ပေးအပ်လှူဒါန်းရာ   ဆရာမကြီး ဒေါ်ချိုချိုတင် (မစန္ဒာ)က လက်ခံရယူသည်။

ဆက်လက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက တက်ရောက်လာကြသည့် စာပေပညာရှင်ကြီးများအား လှူဒါန်းသည့် လက်ဆောင်ပစ္စည်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံက ပေးအပ်ရာ ဆရာကြီး ဒေါက်တာ မောင်သင်း (မောင်သင်း-သပြေ)က လက်ခံရယူသည်။

ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊   ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုတို့က စာပေဗိမာန်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား   အမှတ်တရ ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ကြသည်။

ဆက်လက်၍    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရည်ညွှန်း ကျမ်းစီစဉ် ရေးအဖွဲ့(ကိုယ်စား) ဦးသိန်းလွင် (မြန်စာမြေသိန်းလွင်)၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ(ကိုယ်စား)  ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း(ကိုယ်စား)  ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး အဖွဲ့(ကိုယ်စား)  ဦးစိန်လှိုင် (သူရဇော်)နှင့် စာပေဗိမာန်စာမူဆု စိစစ် ရွေးချယ်ရေးအဖွဲ့(ကိုယ်စား)    ဦးမောင်မောင်ဦး (ဟိန်းလတ်)တို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတု အခမ်းအနားသို့ မကျန်းမာသည့်ကြားမှ တက်ရောက်လာသည့် အမျိုးသား စာပေတစ်သက်တာဆုရှင် စည်သူ ဒေါက်တာခင်မောင်ညွန့်အား နေရာအရောက် အမှတ်တရ လက်ဆောင် ပေးအပ်သည်။

ထို့နောက် ဆရာကြီးဦးမြတ်သူ(တက္ကသိုလ်မြတ်သူ)က ကျေးဇူးတင်စကား ပြောကြား သည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည်  စာပေဗိမာန် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊   စာပေဗိမာန် တိုက်ထုတ် စာအုပ်စာစောင်များ၊ မြန်မာ့စွယ်စုံကျမ်း ကဏ္ဍ၊ မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ်၊ မြန်မာနိုင်ငံဘာသာပြန် အသင်းမှ  ထုတ်ဝေသောစာအုပ်များ၊ သုတပဒေသာ စာစောင်ကဏ္ဍ၊ စာပေဗိမာန် မဂ္ဂဇင်းကဏ္ဍ၊   ရွှေသွေးဂျာနယ်ကဏ္ဍ၊ ရွှေသွေးဂျာနယ် အထူးထုတ်ကဏ္ဍ၊ အမျိုးသားစာပေဆု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့်   စာပေပညာရှင်ကြီးများနှင့်အတူ နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

စာပေဗိမာန်သည်   ၇၅  နှစ်တာ သက်တမ်းတစ်လျှောက် အမှောင်ခွင်း၍ အလင်းဆောင်အံ့ဟူသော  ဆောင်ပုဒ်နှင့် အညီ ပြည်သူလူထု   ပညာဗဟုသုတ တိုးပွားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း  စာပေသမိုင်း မှတ်တိုင်များစွာကို စိုက်ထူနိုင်ခဲ့သည်။

လူထုအလင်း၊   လူထုအိတ်ဆောင်၊ လူထုတက္ကသိုလ်စာစဉ်များ၊ ကျောင်းသုံးစာအုပ် ဘာသာပြန်များ၊ မြန်မာ့စွယ်စုံကျမ်း အုပ်တွဲများ၊ နှစ် ၅၀ စာစဉ်များ၊ စာပေဗိမာန် မဂ္ဂဇင်း၊ ပြည်သူ့လက်စွဲစာစဉ်များ၊  လူထုသိပ္ပံကျမ်း ကိုးတွဲ၊ မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ်များ၊ ရွှေသွေးဂျာနယ်၊ သုတပဒေသာစာစောင် စသည်ဖြင့် စာပေဗိမာန် သက်တမ်းတစ်လျှောက်တွင် ထုတ်ဝေဖြန့်ချိခဲ့သည့် တန်ဖိုးနည်းသလောက် ဝန်ပါလှသည့်စာအုပ်စာစောင်၊ ကျမ်းပေါင်းများစွာတို့ဖြင့် ပြည်သူလူထုကို အကျိုးပြုခဲ့ကြောင်း သိရသည်။