“ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ စကားသံများ”

“ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၏ စကားသံများ”

 ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို စိုက်ပျိုးရေး သုတေသန ဦးစီးဌာနဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးနိုင်ဝင်း(ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုလယ်ယာ ဦးစီးဌာန)

    ကျွန်တော်တို့ စက်မှုလယ်ယာ ဦးစီးဌာနရဲ့ ရည်မှန်းချက်ကတော့ လက်မှုလယ်ယာ စနစ်ကနေ    စက်မှုလယ်ယာစနစ်ကို ကူးပြောင်းနိုင်ရေးပဲဖြစ်ပါတယ်။  အဲဒီ ရည်မှန်းချက်ကို   အကောင်အထည်ဖော် ဆောင်ရွက်တဲ့အချိန်မှာ   တောင်သူတွေအတွက် လယ်ယာဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ထွန်စက်ကြီးတွေ၊ ကောက်စိုက်စက်တွေနဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေကို ငှားရမ်းပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။  စနစ်ကျလယ်ယာမြေ ဖော်ထုတ်တဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ နယ်စပ်ဒေသတွေနဲ့ တောင်ပေါ်ဒေသတွေမှာလည်း ကုန်းမြင့်လယ်ယာမြေ ဖော်ထုတ်တဲ့ လုပ်ငန်းတွေကို    ဆောင်ရွက်ပေးနေပါတယ်။   ဒါ့အပြင် တောင်သူတွေရဲ့ လက်ထဲမှာရှိတဲ့ လယ်ယာသုံး စက်ကိရိယာပစ္စည်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့အတွက် မိတ္ထီလာသင်တန်းကျောင်း၊   ရေဆင်းသင်တန်းကျောင်း၊ ဘုရားကြီး သင်တန်းကျောင်းနဲ့ ထွန်စက်စခန်းတွေနဲ့ စက်ပြင်ရုံတွေမှာ စက်ပြင်၊ စက်မောင်း သင်တန်းတွေကိုလည်း ဖွင့်လှစ်ပို့ချပေးနေပါတယ်၊ တောင်သူတွေအနေနဲ့ လယ်ယာသုံး စက်ကိရိယာတွေနဲ့ အကျွမ်းတဝင်ဖြစ်စေဖို့အတွက်  လယ်ယာသုံး စက်ကိရိယာ သရုပ်ပြပွဲတွေကိုလည်း ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ လယ်ယာသုံး စက်ကိရိယာတွေကို မြန်မာနိုင်ငံရဲ့ ရေမြေမှာအသုံးပြုနိုင်ဖို့အတွက် လယ်ယာသုံးစက်ကိရိယာ သုတေသန လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။ စက်မှုလယ်ယာစနစ်ကို ကူးပြောင်းတဲ့အချိန်မှာ ပုဂ္ဂလိကစနစ်ကို ကူးပြောင်းနိုင်ဖို့   ကျွန်တော်တို့ဌာနက တောင်သူတွေအတွက်   လယ်ယာသုံး စက်ကိရိယာတွေကို    အရစ်ကျစနစ်နဲ့  ရောင်းချပေးခြင်းကိုလည်း ဆောင်ရွက်ပေးနေပါတယ်။  စက်မှုလယ်ယာစနစ်ကို ကူးပြောင်းတဲ့နေရာမှာ မြေပြင်တာကနေ ထုပ်ပိုးတဲ့အထိ စက်ကိရိယာတွေကို အသုံးပြုနိုင်တဲ့ အတိုင်းအတာအထိ ကူးပြောင်းရမှာဖြစ်ပါတယ်။     မြေပြင်တဲ့အပိုင်း၊ စိုက်ပျိုးတဲ့အပိုင်း၊  ရိတ်သိမ်းခြွေလှေ့တဲ့ အပိုင်း၊ အခြောက်ခံပြီး ထုပ်ပိုးသိုလှောင်တဲ့ အပိုင်းအထိပါဝင်ပါတယ်။ ကျွန်တော်တို့ သုံးသပ်ချက်အရ   မြေပြင်တဲ့အပိုင်းမှာ တောင်ပေါ်ဒေသ စိုက်ကွက်ကျဉ်းတဲ့ အနေအထားတွေကိုဆိုရင်  ပုံမှန်အားဖြင့် ၈၅ ရာခိုင်နှုန်းလောက် မြေပြုပြင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ရိတ်သိမ်းခြွေလှေ့တဲ့ အပိုင်းမှာဆိုရင်လည်း   အခုနောက်ပိုင်း Combine Harvester  တွေနဲ့ ရိတ်သိမ်းခြွေလှေ့နေတာကို  တွေ့ရမှာ ဖြစ်ပါတယ်။   နိုင်ငံတစ်ဝန်းလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

ဒါပေမဲ့  စိုက်ပျိုးတဲ့အပိုင်းနဲ့ အခြောက်ခံတဲ့ အပိုင်းမှာဆိုရင် လက်ရှိမှာ တောင်သူတွေကို သရုပ်ပြပွဲတွေ ဆောင်ရွက်ပေးနေပြီး ပညာပေး စည်းရုံးနေတဲ့ အနေအထားပဲ ရှိပါသေးတယ်။ အရင်ကလုပ်ကိုင်ခဲ့တဲ့ လက်မှုလယ်ယာ စနစ်ကနေ အခုလက်ရှိမှာ လုပ်သားအင်အား ရှားပါးလာခြင်းနဲ့ ရာသီဥတု ပြောင်းလဲခြင်းတွေကို တွေ့ကြုံလာတဲ့ အတွက် စက်မှုလယ်ယာစနစ်ကို မဖြစ်မနေ ကူးပြောင်းရမှာဖြစ်ပါတယ်။ ဒါကြောင့်  တောင်သူတွေအနေနဲ့ စက်မှု လယ်ယာစနစ် ကူးပြောင်းရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့လိုပါမယ်။ အကူအညီ လိုအပ်မယ် ဆိုရင်လည်း  ကျွန်တော်တို့ရဲ့ စက်မှုလယ်ယာဦးစီးဌာနနဲ့  ဆက်သွယ် ဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။

ဒေါက်တာမောင်မောင်နိုင်(ညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန)

    ပူးပေါင်းပါဝင်တဲ့ ဆည်မြောင်းစနစ် ဆိုတာကတော့  စိုက်ပျိုးရေ ပေးဝေရာမှာ ဆည်မြောင်းစနစ်တွေနဲ့    ဆည်မြောင်း အဆောက်အအုံတွေကို ထိန်းညှိပြီးတော့မှ ရေပေးဝေရေး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ အဲဒီအခါမှာ တောင်သူလယ်သမားတွေကလည်း သီးနှံစိုက်ပျိုး ထုတ်လုပ်ဖို့အတွက် ဆည်မြောင်းစနစ်ကနေ စိုက်ပျိုးရေကို ရယူပြီးတော့ စိုက်ပျိုးကြရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ဆည်မြောင်း ဦးစီးဌာနအနေနဲ့လည်း   ရေပေးဝေရေးလုပ်ငန်းနဲ့    စိုက်ပျိုးရေ စီမံခန့်ခွဲရေး လုပ်ငန်းတွေကို လုပ်ဆောင်ကြရပါတယ်။ တောင်သူလယ်သမားတွေ အနေနဲ့လည်း ဆည်ရေကို ရယူပြီးတော့   သီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေဖြန့်ဝေပေးတဲ့ ဆည်မြောင်း ဦးစီးဌာနနဲ့ စိုက်ပျိုးရေ ရယူအသုံးပြုကြတဲ့ တောင်သူလယ်သမားတွေ  အတူတကွ ပူးပေါင်း ဆောင်ရွက်တဲ့ စနစ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။   ဒီစနစ်ရဲ့ ရည်ရွယ်ချက်ကတော့ ဆည်မြောင်းစီမံကိန်း တွေဆိုတာက ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့   ပြည်သူတွေ၊ အိမ်ထောင်စုတွေ၊ တောင်သူလယ်သမားတွေအတွက် များစွာ အထောက်အကူဖြစ်စေတဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ အဲဒါကြောင့်    ဒီစနစ်တွေ ရေရှည်တည်တံ့ဖို့ကလည်း   အင်မတန် အရေးကြီးပါတယ်။    တောင်သူလယ်သမားတွေ အနေနဲ့ မိရိုးဖလာ စိုက်ပျိုးနည်း စနစ်တွေနဲ့     လုပ်ကိုင်ကြတဲ့အခါမှာ မိုးခေါင်တဲ့နှစ်တွေနဲ့ ကြုံတွေ့ရမှာဖြစ်သလို မိုးများတဲ့နှစ်တွေနဲ့လည်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။   တစ်ခါတလေမှာဆိုရင် ရေရရှိဖို့ မလွယ်ကူတာကြောင့် သီးနှံစိုက်ပျိုး ထုတ်လုပ်ဖို့အတွက် အခက်အခဲဖြစ်တာတွေကိုလည်း    ကြုံတွေ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်။    ဒါကြောင့် အဲဒီလို အခက်အခဲတွေ မဖြစ်စေဖို့အတွက် ဆည်မြောင်းစနစ်တွေနဲ့ထိန်းညှိပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် တောင်သူတွေအတွက် အများကြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။ 

ဒီစနစ်ကိုကျင့်သုံးရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာ   အဲဒါတွေလည်း ပါဝင်ပါတယ်။ စိုက်ပျိုးရေကို    အမြဲရရှိနေမယ်ဆိုရင် တောင်သူလယ်သမားတွေ အနေနဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကို ရာသီမရွေး ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အသင်းအဖွဲ့တွေ ဖွဲ့စည်းဖို့အတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့  ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်တာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ ရေသောက်မြေတစ်ခုချင်းအလိုက်ဖြစ်စေ၊ လယ်ကြားမြောင်း တစ်ခုချင်းအလိုက်ဖြစ်စေ ရေအသုံးချသူ အဖွဲ့လေးတွေ၊ အသင်းလေးတွေ ဖွဲ့စည်းပြီးတော့ စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို အသင်းအဖွဲ့လေးတွေကလည်း ပိုပြီးအရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်လာပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီစနစ်က အခြားနိုင်ငံတွေမှာလည်း ကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း တောင်သူလယ်သမားတွေရဲ့ အကျိုးကိုရှေးရှုပြီး ရေရှည်တည်တံ့အောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်တဲ့ စနစ်တစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။ တောင်သူလယ်သမားတွေ အနေနဲ့လည်း    ဒီလုပ်ငန်းစဉ်မှာ တက်တက်ကြွကြွပါဝင်ပြီး မိမိတို့ဒေသ၊ မိမိတို့ကျေးရွာတွေ၊ မိမိတို့မိသားစုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းပါဝင်တဲ့ ဆည်မြောင်းစနစ်ကို အသုံးပြုပြီး ဆောင်ရွက်သင့်ပါတယ်လို့လည်း ပြောချင်ပါတယ်။

ဦးတင်ထွန်း(ညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဇလဗေဒဌာနခွဲ)

    ကျွန်တော်တို့ဦးစီးဌာန အနေနဲ့ ဒီနေ့ပြခန်းမှာ  မြေတိုင်းတာရေး ကိရိယာတွေ၊ ရေတိုင်းတာရေးကိရိယာတွေ၊ ရေစမ်းသပ်ရေးကိရိယာတွေ၊ မြေစမ်းသပ်ရေး ကိရိယာတွေကို စုံစုံလင်လင် ခင်းကျင်းပြသထားပါတယ်။ ရေပေးဝေတဲ့ စနစ်နမူနာပုံစံတွေကို လည်း ပြသထားတဲ့အပြင် ရေကြီးနစ်မြုပ်မှု နမူနာပုံစံတွေကိုလည်း ပြသထားပါတယ်။ ကျွန်တော်တို့ ဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တွေဖြစ်တဲ့ စိုက်ပျိုးရေပေးဝေမှုနဲ့ ရေကြီးနစ်မြုပ် မှု ကာကွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တောင်သူတွေနဲ့  WUG   အဖွဲ့ဝင်တွေ ဗဟုသုတ ရရှိနိုင်ဖို့ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်တဲ့ ဆည်မြောင်းစနစ်ကို ဆောင်ရွက်တဲ့အခါမှာ     ကျွန်တော်တို့ဦးစီးဌာနနဲ့ တောင်သူတွေ ပူးပေါင်းပြီးတော့ စိုက်ပျိုးရေ ပေးဝေတဲ့စနစ်မှာ   WUG  အဖွဲ့တွေကို အရင်ဆုံး ဖွဲ့စည်းရပါတယ်။ တောင်သူတွေ အတွေ့အကြုံရလာပြီဆိုရင်   အဖွဲ့ဝင်အင်အားကိုကြည့်ပြီးတော့ WUG ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းပါတယ်။ WUG အဖွဲ့တွေကို ကျွန်တော်တို့ဌာနက ဦးဆောင်ပြီးတော့ WUG အဖွဲ့တွေမှာတော့ တောင်သူတွေ ကိုယ်တိုင်ပဲ    ဦးဆောင်ရပါတယ်။ တောင်သူတွေ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ဖို့အတွက်  စိုက်ပျိုးရေကို ဆည်တွေကဖြန့်ဖြူးပေးခြင်းနဲ့ ဆိုလာမြစ်ရေတင်စနစ် နဲ့ဖြန့်ဖြူးပေးခြင်းတွေကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။  ရေအသုံးချမှုနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ၊ သီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေ ကိုယ်တိုင် တောင်သူတွေနဲ့ အသိပညာပေး ဆွေးနွေးမှာဖြစ်တဲ့အတွက် သူတို့ကြုံတွေ့နေရတဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ သီးနှံအထွက်နှုန်း    တိုးတက်မြင့်မားဖို့ အသုံးပြုရမယ့် နည်းစနစ်တွေကို ကိုယ်တိုင်ပါဝင် ဆွေးနွေးနိုင်မှာဖြစ်တဲ့ အတွက် ဒီလိုပွဲမျိုးက တောင်သူတွေအတွက် အများကြီး အကျိုးရှိစေမှာဖြစ်ပါတယ်။

ဦးသန်းဇော်(ဒုတိယညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ မြေအောက်ရေဌာနခွဲ)

    ကျွန်တော်တို့ရဲ့ မြေအောက်ရေဌာနခွဲအနေနဲ့    မိုးခေါင်ရေရှားတဲ့ နှစ်တွေမှာ ဒေသခံတောင်သူတွေအတွက် စိုက်ပျိုးရေ ဖြည့်စွက်ရရှိနိုင်ဖို့အတွက်   မြေအောက် ရေထွက်ရှိဖို့ အလားအလာကောင်းတဲ့ နေရာတွေကို   ရှာဖွေရွေးချယ်ပြီးတော့ စက်ရေတွင်းများတူးဖော်ပေးခြင်း၊ ဆိုလာစနစ်ဖြင့် ရေတင်ပေးခြင်းစသည်ဖြင့် တောင်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေပါတယ်။ ဆိုလာစနစ်နဲ့ ဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ဌာနအနေနဲ့ အပိုင်းနှစ်ပိုင်း ဆောင်ရွက်ရပါတယ်။ အဲဒါတွေကတော့ မြေအောက်ရေကို ရေတွင်းတွေကနေ မြေပေါ်ကိုတင်ပေးတဲ့ အပိုင်းနဲ့ ဆိုလာ မြစ်ရေတင်စနစ်တွေ ဆောင်ရွက်တဲ့ အပိုင်းတို့ဖြစ်ပါတယ်။ မြေအောက်ရေအပိုင်းကို ပြောရရင် အကြမ်းဖျင်းစတင် တပ်ဆင်တဲ့အချိန်မှာ  ဆိုလာစနစ်၊ ရေတွင်း၊ ပန့် အပါအဝင် အခြားလိုအပ်တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို တွက်ကြည့်မယ်ဆိုရင် တစ်ဧကအတွက် ပျမ်းမျှကုန်ကျစရိတ် ငွေကျပ် နှစ်သန်း ပတ်ဝန်းကျင်လောက် ကုန်ကျမှာဖြစ်ပါတယ်။  ဒါပေမဲ့  တောင်သူတွေအတွက် ရေရှည်ကို တွက်ကြည့်မယ်ဆိုရင် လုပ်ငန်းလည်ပတ်တဲ့ အချိန်မှာ လောင်စာဆီ ဖိုး သက်သာခြင်း၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းခြင်း၊    လျှပ်စစ်ဓာတ်အားခ သက်သာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်တဲ့အတွက် များစွာအကျိုးရှိမှာ ဖြစ်ပါတယ်။  ဆိုလာစနစ်ကတော့ နေရောင်ခြည် ရရှိမှုအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် နေရောင်ခြည်မရရှိနိုင်တဲ့   ညပိုင်းလို အချိန်မျိုးတွေမှာတော့ လည်ပတ်ဖို့အခက်အခဲ ရှိနိုင်ပါတယ်။

လျှပ်စစ်ဓာတ်အား ဒါမှမဟုတ် စက်သုံးဆီအသုံးပြုတဲ့ အင်ဂျင်တစ်ခုခုကို    အသုံးပြုမယ်ဆိုရင်တော့ စိုက်ပျိုးရေကို လိုအပ်တဲ့အချိန်မှာ ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  ဒါပေမဲ့ ကုန်ကျစရိတ်ချင်း ယှဉ်ကြည့်မယ်ဆိုရင်   ဆိုလာစနစ်က ကနဦးတပ်ဆင်တဲ့ စရိတ် တစ်ကြိမ်သာ ကုန်ကျမှာဖြစ်ပြီး လုပ်ငန်းလည်ပတ်တဲ့အချိန်မှာ အခြားကုန်ကျစရိတ် မရှိတော့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် တောင်သူတွေအတွက် အကျိုးအမြတ် ပိုပြီးဖြစ်ထွန်းတာကို တွေ့ရပါတယ်။ ရေတွင်းတွေကနေ ဆိုလာစနစ်နဲ့   စိုက်ပျိုးရေ ရယူသုံးစွဲတဲ့ နည်းစနစ်ကို   အသုံးပြုတဲ့ စက်ရေတွင်း သုံးတွင်းလောက်ကို    အခုလက်ရှိ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာ သရုပ်ပြအနေနဲ့ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာလည်း တိုင်းဒေသကြီး အစိုးရရဲ့အစီအစဉ်နဲ့ ဆိုလာစနစ်ကို  တပ်ဆင်အသုံးပြုတဲ့ စက်ရေတွင်း ၂၀ လောက် အကောင်အထည်ဖော် ဆောင်ရွက်ဆက်ဖို့လည်း စီစဉ်ထားပါတယ်။   ဆိုလာစနစ်နဲ့မြစ်ရေတင်တဲ့ လုပ်ငန်းတွေမှာလည်း နေရောင်ခြည် စွမ်းအင် အများအပြား အသုံးပြုပြီး ဆောင်ရွက် မယ့် အစီအစဉ်တွေ၊ လျှပ်စစ်နဲ့ ဆိုလာစွမ်းအင် တွဲဖက်အသုံးပြုပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း လက်ရှိမှာ ဆောင်ရွက်လျက် ရှိပါတယ်။ ဆိုလာစွမ်းအင်နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကို တောင်သူတွေ သိရှိနားလည်နိုင်ဖို့ အတွက်လည်း ဆောင်ရွက်ရပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေကို အလေအလွင့် နည်းပါးအောင် အကျိုးရှိရှိ ချွေတာသုံးစွဲဖို့ အတွက် ဆောင်ရွက်ရမယ့်  Water Saving Technology တွေဖြစ်တဲ့  Sprinkler စနစ်နဲ့ရေပေးခြင်း၊ Drip စနစ်ဖြင့် ရေပေးခြင်း စတာတွေကို   သီးနှံအမျိုးအစား အပေါ်မူတည်ပြီး စိုက်ပျိုးရေကို ကွင်းအပြည့် မြောင်းတွေနဲ့မသွားဘဲ သီးနှံတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ရေပမာဏကို တွက်ချက်ပြီး စနစ်တကျ တွင်တွင်ကျယ်ကျယ် အသုံးပြုကြမယ်ဆိုရင် သီးနှံတွေရဲ့ အရည်အသွေးအပြင် အထွက်နှုန်းကိုပါ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာ ဒေစီမြင့်၊ ဦးစီးအရာရှိ၊ ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ပြခန်းတာဝန်ခံ)

    သီးနှံစိုက်ပျိုး ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ မြေကြီးရဲ့သဲနုန်းမြေဆွေး ပါဝင်မှု ရာခိုင်နှုန်းတွေကို တင်ပြထားပါတယ်။ သဲနုန်းမြေဆွေး ပါဝင်မှုကို ဓာတ်ခွဲခန်းမှာ စစ်ဆေးလို့ရသလို စိုက်ကွင်းထဲမှာလည်း လက်တွေ့တိုင်းတာ စစ်ဆေးလို့ ရနိုင်ပါတယ်။ သဲနုန်းမြေဆွေးတွေရဲ့ ရေဝင်ထွက်အားကိုလည်း တင်ပြထားပါတယ်။  သီးနှံအမျိုးအစားအလိုက် ရေလိုအပ်ချက်တွေကိုလည်း တင်ပြထားပါတယ်။  ကိုယ်တိုင် စိုက်ပျိုးနေတဲ့ မြေဆီလွှာရဲ့ အစိုဓာတ်ကို အကြမ်းဖျင်း သိဖို့အတွက်   စိုက်ပျိုးမြေကို လက်နဲ့ ဆုပ်ကြည့်ပြီး အလုံးလေး တစ်လုံးလုံးကြည့်လိုက်ပါ၊ အဲဒီမြေလုံးလေးပေါ်မှာ ရေလေးရှိနေမယ် အောက်ကိုလည်း ယိုစိမ့်မသွားဘူးဆိုတဲ့ အခြေအနေမှာဆိုရင် မြေဆီလွှာက ရေကိုထိန်းသိမ်းထားနိုင်တဲ့ အခြေအနေ အမြင့်ဆုံးဖြစ်ပါတယ်။ ဒါဆိုရင် အဲဒီမြေကြီးကို ရေသွင်းပေးစရာ မလိုအပ်ပါဘူး။ မြေကြီးရဲ့ အစိုဓာတ်ပါဝင်မှုကို တိုင်းတာပြီးတော့ ရေသွင်းဖို့ လိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကို အလွယ်တကူ သိရှိနိုင်မှာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့   ကိုယ့်မှာရှိတဲ့ ရေသန့်ဘူးတွေ၊ ခွက်တွေကို အသုံးပြုပြီးတော့လည်း စိုက်ပျိုးမြေရဲ့သဲနုန်းမြေဆွေး ပါဝင်မှုကို   အကြမ်းဖျင်း တိုင်းတာလို့ရပါတယ်။ တိတိကျကျ သိဖို့အတွက်ကတော့ ဓာတ်ခွဲခန်းကို မြေဆီလွှာနမူနာတွေပို့ပြီး စစ်ဆေးရပါမယ်။ ကျွန်မတို့အနေနဲ့ တောင်သူတွေအတွက် လိုအပ်တဲ့ အသိပညာပေးခြင်းတွေနဲ့ နည်းပညာဆိုင်ရာ အကူအညီပေးခြင်းတွေကို    သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ဦးလှသင်း(WUG အဖွဲ့ခေါင်းဆောင်၊ တောင်သူ)

    ကျွန်တော်ကတော့ ကျောက်ဆည်မြို့နယ်၊ ဇော်ဂျီရေသောက်စနစ်၊ ဇီးတောရေလွှဲဆည်၊ ဇီးတောမြောင်း တိုက်ရိုက်ပြွန်၊ ကွမ်းပင်ခြံပြွန်၊ ကွမ်းပင်ခြံမြောင်းက WUG အဖွဲ့ခေါင်းဆောင် တောင်သူတစ်ဦး ဖြစ်ပါတယ်။   WUG အဖွဲ့ခေါင်းဆောင် တောင်သူ တစ်ဦးအနေနဲ့ ဌာနကဖိတ်ကြားတဲ့အတွက် တက်ရောက်လာတာဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ မိုးစပါး စိုက်ပျိုးထားပါတယ်။ ဆည်ရေသောက်စနစ်ကို အသုံးပြုပြီး စိုက်ပျိုးတာဖြစ်တဲ့အတွက် တစ်နှစ်မှာသုံးသီး စိုက်ပျိုးနေပါတယ်။ နွေရာသီမှာ နွေနှမ်း၊ နွေပဲတီစိမ်းကို စိုက်ပျိုးပါတယ်။ မိုးရာသီမှာ မိုးစပါးကို စိုက်ပျိုးပြီး ဆောင်းရာသီမှာ ကုလားပဲနဲ့နေကြာကို စိုက်ပျိုးပါတယ်။  WUG အဖွဲ့အနေနဲ့   အဓိက လုပ်ဆောင်တာကတော့  ရေပေးဝေမှု မတိုင်ခင် လယ်ကြားမြောင်းနဲ့ လက်တံမြောင်းတွေကို  ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေညှိနှိုင်းပြီး မြောင်းတူးဖော် ရှင်းလင်းခြင်းကိုလုပ်ပါတယ်။ WUG အဖွဲ့တွေပေါ်ပေါက်လာတဲ့ နောက်ပိုင်းမှာ ညီမျှတဲ့ရေပေးဝေမှု စနစ်ကိုရရှိပါတယ်။ လယ်ကြားမြောင်းနဲ့ လက်တံမြောင်းတွေကို တူးဖော်တဲ့အခါမှာလည်း စနစ်တကျ ညီညီညွတ်ညွတ် တူးဖော်နိုင်တဲ့ အခြေအနေအထိ  တိုးတက်လာပါတယ်။  ကျွန်တော်တို့လို  တောင်သူတွေအနေနဲ့ အရင်ကတစ်နှစ်ကို နွေစပါးနဲ့မိုးစပါးနှစ်သီးစားပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။

အခုလက်ရှိ ကျွန်တော်တို့ဒေသမှာ မိုးခေါင်ရေရှားတဲ့ အခြေအနေဖြစ်လာတဲ့အတွက် နွေနှမ်းနဲ့နွေပဲတီစိမ်းက   တောင်သူတွေအတွက် အကျိုးအမြတ် ပိုရလာတာကြောင့်  စိုက်ပျိုးသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းကိုလည်း  WUG အဖွဲ့တွေ ပေါ်ပေါက်လာ တဲ့နောက်ပိုင်း နည်းနည်းချင်း ဆောင်ရွက်လာကြပါတယ်။  ကျွန်တော်တို့ဒေသက ဇီးတောမြောင်းတစ်လျှောက်မှာရှိတဲ့ ရေသောက်ပြွန်တွေ အကုန်လုံးက စိုက်ပျိုးရေကို ရယူအသုံးပြုနေတဲ့ တောင်သူတွေနဲ့  WUG အသင်းအဖွဲ့တွေကို တိုးချဲ့ဖွဲ့စည်းပြီး WUG အသင်းအဆင့်ထိ ဖွဲ့စည်းနိုင်ဖို့အတွက် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ပညာရှင်တွေနဲ့ ကျွန်တော်တို့လို တောင်သူတွေ အခုလိုတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ စီစဉ်ပေးတဲ့အတွက် တာဝန်ရှိသူတွေကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။