ကမ္ဘာပေါ်မှာစွမ်းအင်ထုတ်လုပ်တဲ့နိုင်ငံက အနည်းအကျဉ်းသာရှိပြီး ပြည်တွင်းအသုံးပြုဖို့အတွက် စွမ်းအင်ကို တင်သွင်းနေရတဲ့နိုင်ငံက ခပ်များများပါ။
ကမ္ဘာ့နိုင်ငံရေး အခြေအနေအရပ်ရပ် ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့စွမ်းအင်ဈေးကွက်သည်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။
အဓိကကတော့ စွမ်းအင်တင်ပို့မှု အကျပ်အတည်း၊ ငွေတန်ဖိုးမတည်ငြိမ်မှု ပြဿနာအစရှိတဲ့ အကြောင်းရင်းတွေကြောင့် စွမ်းအင်တင်သွင်းနေရတဲ့ နိုင်ငံများက ကိုယ်လိုချင်တဲ့စွမ်းအင်တွေကို ဈေးကြီးပေးပြီးတင်သွင်းလာကြရပါတယ်။
ဒီအတွက်အကျိုးဆက်က ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး ငွေကြေးဖောင်းပွမှုတွေ ဆက်တိုက်ဖြစ်လာခြင်းပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။
သူ့ရဲ့နောက်ဆက်တွဲအနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ပြည်သူတွေ နေထိုင်မှုစရိတ်မြင့်တက်ခြင်းနဲ့ကြုံတွေ့ရကာ စားဝတ်နေရေးကျပ်တည်းမှုနဲ့လည်း ရင်ဆိုင်လာရပါတယ်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေ မတည်ငြိမ်တိုင်း ဒီလိုသာဆက်ဖြစ်နေဦးမယ်ဆိုရင်ဖြင့် တစ်ကမ္ဘာလုံးမှာ ဆူပူအုံကြွမှုတွေနဲ့ ပရမ်းပတာဖြစ်မှုတွေသာ ပိုမိုများပြားလာပါလိမ့်မယ်။
ဒါကိုဖြေရှင်းနိုင်မယ့် အခြေအနေကတော့ ကိုယ့်နိုင်ငံအတွက် စွမ်းအင်ဖူလုံရေးကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားရယူခြင်းပါပဲ။
အဲဒီနည်းလမ်းတွေထဲကမှ ထိရောက်မှုပမာဏအမြင့်ဆုံးနဲ့ ဘေးကင်းစိတ်ချရမှုရှိနေသမျှ ကာလပတ်လုံး စိုးရိမ်စရာမလိုတဲ့ နျူကလီးယားစွမ်းအင် အသုံးပြုမှုကို ကမ္ဘာ့နိုင်ငံအများအပြားက ထည့်သွင်းစဉ်းစားလာတာ ယနေ့အချိန်အခါမှာ ထင်ထင်ရှားရှားတွေ့လာရပါပြီ။
၂၀၁၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံမှာ ဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် ဖူကူရှီးမား နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံရဲ့ ဓာတ်ပေါင်းဖိုတစ်လုံး အရည်ပျော်ကျသွားခြင်းကနေ စတင်ပြီး နျူကလီးယား စွမ်းအင်အသုံးပြုမှုအပေါ် လူစိတ်ဝင်စားမှု ကျဆင်းသွားတာ ဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာအသုံးပြုတဲ့ ဓာတ်ပေါင်းဖိုတွေဆိုတာ သဘောတရား အားဖြင့်ကြည့်ရင် အလွန်ပူပြင်းတဲ့ အခြေအနေ ရှိတာကြောင့် သူ့ကိုအအေးပေးဖို့ လိုအပ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ အဲဒီလိုဓာတ်အားပေးစက်ရုံတွေ အများစုကို ပင်လယ်ကမ်းရိုးတန်းတွေမှာ တည်ဆောက်ကြတာပါ။
ဂျပန်နိုင်ငံဆိုတာ မကြာခဏငလျင်လှုပ်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့နိုင်ငံ ဖြစ်ပါတယ်။ အကယ်၍များ ငလျင်ကပင်လယ်ကြမ်းပြင်တစ်နေရာကိုဗဟိုပြုပြီး လှုပ်ခတ်တယ်ဆိုရင်တော့ ငလျင်ရဲ့ပြင်းထန်မှုအားအပေါ် မူတည်ပြီး ဆူနာမီလှိုင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။
ဒီအခြေအနေတွေမှာဆိုရင် နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ ဘေးကင်းစိတ်ချရမှု အခြေအနေက စိုးရိမ်ဖွယ်ရာပါ။ ဒါပေမဲ့လည်း ဒီလိုအခြေအနေမျိုးဆိုတာ ဖြစ်ခေါင့်ဖြစ်ခဲအခြေအနေလို့ ဆိုနိုင်ပါတယ်။
ယနေ့လို စွမ်းအင်အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့လာရချိန်မှာတော့ နိုင်ငံအများအပြားက နျူကလီးယားစွမ်းအင်ကို အသုံးပြုဖို့ ရွေးချယ်လာကြပေမယ့် ဒါဟာစဉ်းစားသင့်တဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ ကျွမ်းကျင်သူတချို့က ပြောကြပါတယ်။
တချို့ကျတော့လည်း များပြားလှတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရစဉ်မှာ နျူကလီးယားစွမ်းအင်ကို အသုံးပြုခြင်းက ကမ္ဘာ့စွမ်းအင်အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ဆိုထားပြန်ပါတယ်။
အကြောင်းအရာတစ်ခု ထွက်ပေါ်လာပြီဆိုရင် လက်ခံသူနဲ့လက်မခံသူရှိတယ်ဆိုတာ သဘာဝပါ။ အဓိကစဉ်းစားရမယ့်အချက်ကတော့ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အကျပ်အတည်းကို အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ပါပဲ။
နျူကလီးယားစွမ်းအင်ကို ပြန်လည်အသုံးပြုဖို့အတွက် စဉ်းစားလာတဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှ တစ်ခုကတော့ နျူကလီးယားဓာတ်ပေါင်းဖို အရည်ပျော်ကျမှုဘေးအန္တရာယ်ကို ကိုယ်တိုင်ရင်ဆိုင်ခံစားခဲ့ရဖူးတဲ့ ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၁၁ ခုနှစ် နျူကလီးယားဓာတ်ပေါင်းဖိုမတော်တဆမှုဖြစ်ပြီးနောက် ဓာတ်ပေါင်းဖို အများအပြားကို ပိတ်ထားခဲ့တာပါ။
ယခုသီတင်းပတ်အတွင်းမှာတော့ ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်လုပ်ငန်းကို ပြန်လည်သုံးသပ်ဖို့နဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံအသစ်တွေကို တည်ဆောက်ဖို့ ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါက တိုက်တွန်းခဲ့ပါတယ်။
အလားတူပဲ တခြားနိုင်ငံပေါင်းများစွာကလည်း ယခင်က နျူကလီးယားစွမ်းအင် အသုံးပြုမှုကို ရပ်ဆိုင်း တော့မယ်ဆိုပြီး အစီအစဉ်တွေဆွဲထားပြီးကာမှ အခုဆိုရင် အဲဒီအစီအစဉ်တွေကို ဖျက်သိမ်းတဲ့သူနဲ့၊ နောက်ဆုတ်လိုက်တဲ့သူနဲ့ဖြစ်လာပါပြီ။
ဘယ်ဂျီယံနိုင်ငံဆိုရင် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပြီး အချိန်တစ်လတောင်မရှိသေးခင်မှာ နျူကလီးယားစွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းမယ့်အစီအစဉ်ကို ၂၀၂၅ ခုနှစ်အထိ ရွှေ့ဆိုင်းလိုက်တာကို တွေ့ရပါတယ်။
လက်ရှိနိုင်ငံပေါင်း ၃၂ နိုင်ငံက နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွေကို အသုံးပြုလျက်ရှိပါတယ်။ အဲဒီ ဓာတ်အားပေးစက်ရုံတွေက ကမ္ဘာ့လျှပ်စစ်စွမ်းအင်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးနေတာပါ။
၂၀၅၀ ပြည့်နှစ်အရောက်မှာ နျူကလီးယား စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ အရေအတွက်က လက်ရှိ ပမာဏထက် နှစ်ဆမြင့်တက်လာဖွယ်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီက ခန့်မှန်းထားပါတယ်။
လတ်တလော အတွင်းမှာကိုပဲကြည့်ရင် အီဂျစ်နိုင်ငံက သူတို့အတွက်ပထမဆုံးသော နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စတင်တည်ဆောက်နေပါပြီ။
စီမံကိန်းနေရာက ကိုင်ရိုမြို့ရဲ့အနောက်မြောက်ဘက် မိုင် ၈၀ ခန့်အကွာ ဒါဘားပင်လယ်ကမ်းရိုးတန်းမြို့မှာ ဖြစ်ပါတယ်။
တည်ဆောက်ပေးနေသူက ရုရှားနိုင်ငံပိုင်နျူကလီးယားကော်ပိုရေးရှင်းဖြစ်တဲ့ ရိုဆာတမ်ပါ။
အဲဒီနျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာ နျူကလီးယားဓာတ်ပေါင်းဖိုလေးလုံးပါဝင်မှာဖြစ်ပြီး တစ်လုံးစီက လျှပ်စစ်ဓာတ်အား ၁ ဒသမ ၂ ဂစ်ဂါဝပ်ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဥရောပရဲ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ ဂျာမနီနိုင်ငံမှာတောင်မှ နိုင်ငံရဲ့နောက်ဆုံးကျန်တဲ့ နျူကလီးယားဓာတ် အားပေးစက်ရုံသုံးလုံးကို ဒီနှစ်အကုန်မှာ အပြီးပိတ်သိမ်းဖို့ ယခင်က စီစဉ်ထားခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေတွေအရတော့ နိုင်ငံရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်အပေါ် ကြည့်ပြီး အဲဒီဓာတ်အားပေး စက်ရုံတွေကို ပိတ်သင့်၊ မပိတ်သင့်ဆုံးဖြတ်သွားတော့မယ်လို့ ဂျာမနီအစိုးရက ပြီးခဲ့တဲ့လက
ထုတ်ပြန်လိုက်ပါပြီ။
အလားတူပဲ လျှပ်စစ်စွမ်းအင်လိုအပ်ချက်မြင့်မားလာတာနဲ့အမျှ နိုင်ငံအများပြားက နျူကလီးယား အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ဖို့ ကြိုးပမ်းလာကြပါတယ်။
အဲဒီနိုင်ငံအများအပြားထဲမှာ ကမ္ဘာပေါ်မှာ နျူကလီးယားဓာတ်ပေါင်းဖို အများဆုံးပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံအပြင် ကျောက်မီးသွေးနေရာမှာ နျူကလီးယားစွမ်းအင်ကို အစားထိုးဖို့ လုပ်ဆောင်လာတဲ့ ချက်သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့သည်လည်း အပါအဝင်ဖြစ်ပါတယ်။
ဥရောပအင်အားကြီးနိုင်ငံတွေကို ကြည့်မယ်ဆိုရင် ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်တို့က နျူကလီးယားစွမ်းအင်ကို ပိုမိုအသုံးပြုဖို့အတွက် တူညီတဲ့ရည်ရွယ်ချက်တွေ ထားရှိလာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံသည်လည်း နျူကလီးယားစွမ်းအင်အသုံးပြုမှုကို ပိုမိုအားပေးလာတဲ့ သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်သမ္မတကိုယ်တိုင်သတ်မှတ်တဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ နျူကလီးယားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တိုက်တွန်းအားပေးထားလို့ပါပဲ။
တချို့တွေကတော့ နျူကလီးယားစွမ်းအင်အသုံးပြု ဓာတ်အားပေးစက်ရုံတွေကို သုံးစွဲမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတို့ကြားက ဆက်နွှယ်သက်ရောက်မှုတွေကို ထောက်ပြထားပါသေးတယ်။
အထူးသဖြင့် နျူကလီးယားစွမ်းအင်ကို အသုံးပြုခြင်းက ရာသီဥတုပြောင်းလဲမှုကို ပိုဆိုးစေတယ်ဆိုပြီးတော့ပေါ့။ ဒါနဲ့ပတ်သက်လို့ နျူကလီးယားစွမ်းအင်အသုံးပြုမှုနဲ့ ရာသီဥတုပြောင်းလဲမှုတို့ကြားက ဆက်စပ်မှုကို ကျွန်တော်က နောင်တစ်ချိန်ချိန်မှာ တင်ပြသွားပါဦးမယ်။
မည်သို့ပင်ဆိုစေကာမူ ယနေ့အချိန်အခါမှာ ပြည်တွင်းသုံးစွဲမှုအတွက် စွမ်းအင်ဖူလုံစွာ ထွက်ရှိတဲ့နိုင်ငံများက လွဲလို့ စွမ်းအင်ကိုတင်သွင်းအသုံးပြုနေရတဲ့ ကမ္ဘာ့နိုင်ငံအများအပြားဟာ စွမ်းအင်အကျပ်အတည်းနဲ့ ဆိုးဝါးစွာ ရင်ဆိုင်လာရတာကတော့ အမှန်ပါပဲ။
ဒီအချိန်မှာ နျူကလီးယားစွမ်းအင်ကို တခြားစွမ်းအင်တွေနေရာမှာ အစားထိုးမှုအတွက် ဖြေရှင်းမှုတစ်ခုအဖြစ် သတ်မှတ် သင့်လား၊ မသတ်မှတ်သင့်ဘူးလားဆိုတာကိုတော့ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနဲ့ ကျွမ်းကျင်ပညာရှင်များရဲ့ သဘောထားမှတ်ချက်အပေါ်မှာသာမူတည်နေပါတယ်။
သေချာတာတစ်ခုကတော့ ဖွံ့ဖြိုးပြီးကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတောင်မှ နျူကလီးယားစွမ်းအင်ကို အသုံးပြုဖို့အတွက် ရွေးချယ်ပြီး နျူကလီးယားစွမ်းအင်ဆီ ခြေဦးပြန်လှည့်လာပြီ ဆိုတာပါပဲ။ ။
Ref: AFP, RT
ထက်မြက်