ရန်သူ့လေကြောင်းရန် ကာကွယ်ရေးကို စိန်ခေါ်မယ့် တောင်ကိုရီးယားရဲ့ ကိုယ်ပျောက်ဒရုန်း

ရန်သူ့လေကြောင်းရန် ကာကွယ်ရေးကို စိန်ခေါ်မယ့် တောင်ကိုရီးယားရဲ့ ကိုယ်ပျောက်ဒရုန်း

တောင်ကိုရီးယားနိုင်ငံဟာ   ပြီးခဲ့တဲ့လတုန်းက သူတို့ရဲ့ပြည်တွင်းဖြစ် KF-21 တိုက်လေယာဉ်ကို ၃၃ မိနစ်ကြာ ပထမဆုံး အကြိမ် စမ်းသပ် ပျံသန်းပြီး စစ်ရေးစွမ်းပကားကိုထုတ်ဖော်ပြသ ခဲ့ပါတယ်။

အခုအခါမှာတော့ တောင်ကိုရီးယားက ကိုယ်ပျောက်ဒရုန်းများကို   ထုတ်လုပ်ဖို့အတွက် လုပ်ဆောင်နေပြီဆိုတဲ့ သတင်း တွေ ထွက်ပေါ်လာပါပြီ။

အဲဒီကိုယ်ပျောက်ဒရုန်းတွေက ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ် အထူးသဖြင့်  လေယာဉ်ပစ် လက်နက်စနစ်ကို စိန်ခေါ်နိုင်စေမယ်ဆိုပြီး တော့တောင်မှ အမွှမ်းတင်ထားတာကိုလည်း တွေ့ရပါတယ်။

ကိုယ်ပျောက်ဒရုန်းတွေ ထုတ်လုပ်ပေးဖို့အတွက် ကန်ထရိုက် ရရှိသွားသူက လက်ရှိ နာမည်ကျော်ပြည်တွင်းဖြစ် KF-21 တိုက်လေယာဉ်များကို ထုတ်လုပ်သူ  Korea Aerospace Industries  မဟုတ်ပါဘူး။ Korea Airက ကန်ထရိုက်ကို ရရှိသွားတာဖြစ်ပြီး ကိုရီးယားကာကွယ်ရေး ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(ADD)က ရွေးချယ် ပေးအပ်လိုက်တာပါ။

ADD အနေနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ မောင်းသူမဲ့လေယာဉ်အုပ်ကို ဖန်တီးရေးအတွက် လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခြေခံဒီဇိုင်းကိုတော့ အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပါပြီ။

ဒီဇိုင်းအသေးစိတ်ကိုတော့ Korea Air  နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အဲဒီကုမ္ပဏီက Business Insider  သတင်းဌာနကို ပြောထားပါတယ်။

ဒါကြောင့် Korea Air ကုမ္ပဏီအနေနဲ့ လူပါ-လူမဲ့လေယာဉ် ပေါင်းစပ်မှုစနစ် ဖန်တီးရေးကို တာဝန်ယူသွားတော့မှာဖြစ်ပြီး အဲဒီစနစ်ကို အားဖြည့်ပေးသွားမှာက ဝေဟင်မှမြေပြင် တိုက်ခိုက်မှုများ၊   ကင်းထောက်မှုများနဲ့ တိုက်ပွဲဝင်မှုများ ကဲ့သို့သော စစ်ဆင်ရေးတွေမှာ ပါဝင်သွားမယ့်    ကိုယ်ပျောက်ဒရုန်း သုံးစင်းမှလေးစင်းပဲ ဖြစ်ပါတယ်။

အဲဒီကိုယ်ပျောက်ဒရုန်းအုပ်က လူပါလေယာဉ်ကို အကူအညီပေးရေးနဲ့ လုံခြုံရေးတာဝန်ကို ယူပေးနိုင်ရုံသာမကဘဲ ထောက်လှမ်းမှု၊ အီလက်ထရွန်နစ် ကြားဖြတ်နည်းစနစ်များ ဆောင်ရွက်မှုနဲ့ တိကျမှုရှိတဲ့ တိုက်ခိုက်မှုများ အစရှိတဲ့ စစ်ဆင်ရေးများကိုလည်း ကိုယ်တိုင်ဆောင်ရွက် သွားနိုင်ဦးမှာ ဖြစ်တယ်လို့ Korea Airက ပြောပါတယ်။

တောင်ကိုရီးယားဟာ ဒရုန်းနည်းပညာမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာ ဆယ်စုနှစ် တစ်ခုစာလောက်ရှိပါပြီ။ ဒါပေမဲ့လည်း ဒရုန်းတွေက   တောင်ကိုရီးယားရဲ့ တစ်ခုတည်းသော ခံစစ်မျဉ်းမဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက တောင်ကိုရီးယားအနေနဲ့   သံကွန်ချာ အမည်ရှိကိုယ်ပိုင်ဒုံးကျည် ကာကွယ်ရေးစနစ်ကို တီထွင်ဖန်တီးသွားမယ်လို့  ကြေညာခဲ့ပါတယ်။ နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဆိုးမြို့နဲ့  အရေးကြီးနယ်မြေတွေကို ရန်သူရဲ့ဒုံးကျည် အန္တရာယ်ကနေ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် သံကွန်ချာ ဒုံးကျည်ကာကွယ်ရေးစနစ် ထွက်ပေါ်လာစေရေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမယ်လို့လည်း ဆိုထားပါသေးတယ်။

Ref: IE