အမေရိကန်စစ်သည်များကို ကိုယ်ပျောက်စေမယ့် မီးခိုး

အမေရိကန်စစ်သည်များကို ကိုယ်ပျောက်စေမယ့် မီးခိုး

အမေရိကန်    ပင်တဂွန်စစ်ဌာနချုပ်မှ သိပ္ပံပညာရှင်များက စစ်မြေပြင်မှာ အသုံးပြုနေကျ သမားရိုးကျ အကာအကွယ်တစ်ခုဖြစ်တဲ့ မီးခိုးများနေရာမှာ သူ့ထက်အဆင့်မြင့်တဲ့အရာနဲ့ အစားထိုးနိုင်ဖို့ကြိုးစားလာပါပြီ။

ကာကွယ်ရေးအဆင့်မြင့် သုတေသန စီမံကိန်းများ အေဂျင်စီ(DARPA)က မီးခိုးကဲ့သို့သော အကာအကွယ်တစ်မျိုး ဖန်တီးမှုကို ဦးဆောင်နေတာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင် မီးခိုးဗုံးတစ်လုံး ချလိုက်ပြီဆိုတာနဲ့ ဘယ်သူ့ဘယ်သူကမှ သူတို့ရဲ့ဆန့်ကျင်ဘက် အရပ်ကို မမြင်နိုင်တော့ပါဘူး။

ဒါပေမဲ့  အခုဖန်တီးနေတဲ့ မီးခိုးကကျတော့ ရန်သူတွေအနေနဲ့   အဲဒီမီးခိုးကို ကျော်ဖြတ်ပြီး မမြင်နိုင်ပေမယ့် အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေကတော့    တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းကြီး မြင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။

စစ်ပွဲသမိုင်းတစ်လျှောက်မှာ  အကာအကွယ်အတွက် ထိရောက်မှု အရှိဆုံးသော လက်နက်တစ်ခုအဖြစ်   တည်ရှိခဲ့တာက မီးခိုးများသာဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးများဟာ ရန်သူ့ဘက်ကိုသာမက ကိုယ့်ဘက်ကိုပါ အမြင်ဖုံးစေပါတယ်။ ဒီတော့  တိုက်ပွဲမှာ မီးခိုးသုံးလိုက်ခြင်းဟာ ကိုယ့်ဘက်ကိုရော သူ့ဘက်ကိုပါညီမျှတဲ့ အခြေအနေကို    ဖြစ်ပေါ်စေတာ တွေ့ရပါတယ်။

အဲဒီနောက် ၁၉၈၀ ပြည့်နှစ်အလွန် ကာလများမှာ မီးခိုးမှိုင်း သုံးထားသည့်တိုင် တစ်ဖက်ဖက်က  အသာစီးရနိုင်တဲ့နည်း ပညာထွက်ပေါ်လာပါတယ်။   အဲဒါကတော့ အပူငွေ့ရှာ ညကြည့်မှန်ပြောင်းများ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်   မီးခိုးမှိုင်းနဲ့ ဘယ်လောက်ပင်ဖုံးဖုံး   အပူငွေ့ရှာညကြည့် မှန်ပြောင်းများ အသုံးပြုနိုင်သူက တိုက်ပွဲမှာ အသာစီးရလာတဲ့သူ ဖြစ်လာပါတယ်။

နောက်ပိုင်းမှာတော့ အပူငွေ့ရှာညကြည့် မှန်ပြောင်းအမျိုးမျိုးကို   ကမ္ဘာတစ်ဝန်းရှိ တပ်မတော်အသီးသီးက အသုံးပြုလာနိုင်တဲ့ အတွက် အမေရိကန်တို့က  တိုက်ပွဲမှာ အသာစီးရစေဖို့ နောက်တစ်မျိုးကြံဆောင် လာခြင်းဖြစ်ပြီး   နောက်ဆက်တွဲ အနေနဲ့ သူ့ဘက်ကမမြင်နိုင်ပေမယ့် ကိုယ့်ဘက်က မြင်နိုင်မယ့်မီးခိုးများကို  ဖန်တီးလာခြင်းပဲ ဖြစ်ပါတယ်။

DARPAရဲ့ စီမံကိန်းက အင်မတန်မှ အလှမ်းကျယ်လွန်း လှပါတယ်။   ဒါပေမဲ့ နောက်ဆုံးမှာ   သူတို့မျှော်မှန်းထားသလို ဖြစ်လာနိုင်ပါ့မလား ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပြန်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အနာဂတ်မှာ မြင်တွေ့ရနိုင်တဲ့ လက်နက်ပြိုင်ဆိုင်မှု တစ်ခုကတော့ မီးခိုးမှိုင်း ကာချခြင်းပဲ ဖြစ်လာနိုင်ပါတယ်။