ရုရှားက ဥရောပသို့ သဘာဝဓာတ်ငွေ့ပေးပို့မှုကို အကန့်အသတ်မရှိ ရပ်တန့်နိုင်စွမ်းရှိ

 

ရုရှားက ဥရောပသို့ သဘာဝဓာတ်ငွေ့ပေးပို့မှုကို အကန့်အသတ်မရှိ ရပ်တန့်နိုင်စွမ်းရှိ

ရုရှားနိုင်ငံအနေဖြင့် ဥရောပဒေသသို့ ပို့လွှတ်နေသည့် သဘာဝဓာတ်ငွေ့များကို အကန့်အသတ်မရှိ ရပ်တန့်နိုင်စွမ်းရှိကြောင်း၊ ထိုသို့ရပ်တန့်ခြင်းကြောင့်  ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် သိသာသော သက်ရောက်မှုများ ရှိစေမည်မဟုတ်ကြောင်း ပညာရှင်များ၏ ပြောဆိုချက်ကို ကိုးကား၍ Bloomberg သတင်းဌာနက ဖော်ပြထားသည်။

လက်ရှိအနေအထားများ အရ ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ယခုအတိုင်း တည်ရှိနေမည်ဆိုလျှင်   ရုရှားအနေဖြင့် ဥရောပသို့ သဘာဝဓာတ်ငွေ့ ပုံမှန်တင်ပို့မှု ပမာဏ၏ ၂၀ ရာခိုင်နှုန်းသာ တင်ပို့သည့်တိုင် ၎င်းတို့၏ စီးပွားရေးကို မထိခိုက်စေဘဲ သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

ရုရှားနိုင်ငံက ဥရောပသို့ သဘာဝဓာတ်ငွေ့ပေးပို့မှုကို  တစ်နှစ်ကြာ ပိတ်ဆို့လိုက်သည့်တိုင် ထိုလုပ်ရပ်က ရုရှားနိုင်ငံ၏ စီးပွားရေးအပေါ် ပြောင်းပြန်အကျိုး သက်ရောက်မှု ရှိစေမည်မဟုတ်ကြောင်း စီးပွားရေး ပညာရှင် လီယမ်ပိကပြောခြင်း ဖြစ်သည်။

လတ်တလောတွင် ရုရှားနိုင်ငံက ဥရောပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုပမာဏ လျှော့ချထားသော်လည်း ထိုစွမ်းအင်တင်ပို့မှုမှ သုံးလပတ်တိုင်း ရရှိသည့်ဝင်ငွေသည် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ အထိ ရှိနိုင်ကြောင်း လီယမ်ပိက ဆက်ပြောသည်။

ယခုဖြစ်ပွားနေသည့်  နည်းပညာပိုင်း ဆိုင်ရာပြဿနာများကြောင့် ရုရှားမှ ဥရောပသို့ ဓာတ်ငွေ့ပေးပို့နေသည့် ပင်မလမ်းကြောင်း ဖြစ်သော Nord Stream 1 ပိုက်လိုင်းက ပုံမှန်ထက်များစွာ လျော့နည်းသည့် ဓာတ်ငွေ့ပမာဏများကိုသာ ပေးပို့နေရသည်။

ထို့ကြောင့်  ဥရောပတစ်ဝန်း သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ထိုးတက်လာသည်ကို တွေ့ရပြီး   မကြာမီအချိန်တွင် ဥရောပဓာတ်ငွေ့ ဈေးကွက်အတွက် ကြီးမားသော စမ်းသပ်မှုတစ်ခုအဖြစ် ရုရှားက ဓာတ်ငွေ့ပေးပို့မှုကို သုံးရက်တိတိ ရပ်တန့်ကာ အဆိုပါ ပိုက်လိုင်းကို   ပုံမှန်ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   သိရသည်။  

Ref: RT