၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေး နှိုးဆော်ခြင်း

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း အသိပေး နှိုးဆော်ခြင်း

၁။ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ် (သို့မဟုတ်) သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တစ်ခုခုသို့ ပထမဦးစားပေး လျှောက်ထားလိုသူများ အနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ   ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြပါရှိသည့် လမ်းညွှန်ချက်အတိုင်း တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ဖြင့် သတ်မှတ်ထားသော တက္ကသိုလ်(၂၆)ခုသို့ (၂-၉-၂၀၂၂) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည်  အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့  ပေးပို့လျှောက်ထားနိုင်ကြောင်း ကြေညာချက်အား ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။   ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ အတွက် ဆေးတက္ကသိုလ်များနှင့်   သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါအတိုင်း -

    (က)၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ရရှိခဲ့သည့် (၆)ဘာသာ ရမှတ်ပေါင်းကို အခြေခံပြီး (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာရမှတ်ပေါင်း   အများ/အနည်းပေါ် မူတည်၍ ပဏာမရွေးချယ်မည်ဖြစ်ပါသည်၊

    (ခ )ပဏာမရွေးချယ် ခံထားရသူများ အနေဖြင့်    လူတွေ့နှုတ်မေး စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း (ရေးဖြေ) စာမေးပွဲကိုလည်း  ဖြေဆိုရမည်ဖြစ်ပါသည်၊

    (ဂ)(၃)ဘာသာပေါင်း ရမှတ်နှင့် လူတွေ့နှုတ်မေး စာမေးပွဲတို့၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ဆေးတက္ကသိုလ်များနှင့်  သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ အတွက် ဝင်ခွင့်ရရှိသူများကိုအပြီးသတ် ရွေးချယ်သွားမည်ဖြစ်ပါသည်၊

    (ဃ)လူတွေ့နှုတ်မေး စာမေးပွဲဖြေဆိုရမည့် နေ့ရက်နှင့် ခုံအမှတ်များ၊ ဖြေဆိုရမည့် နေရာများကို  စာမေးပွဲမကျင်းပမီ   နိုင်ငံပိုင် သတင်းစာများနှင့် ရုပ်မြင်သံကြားတို့တွင် ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ပါသည်။

၃။   သို့ဖြစ်ပါ၍ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ လျှောက်ထားရာတွင် ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှု မဖြစ်စေရန်အတွက် သင်တန်းရွေးချယ်မှု ကတ်ပြားတွင် ဖော်ပြထားသော ဦးစားပေး အစီအစဉ်အတိုင်း ပြည့်စုံစွာ ဖော်ပြလျှောက်ထားရန် လိုအပ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကို   သေချာစွာဖတ်ရှုပြီး ဝင်ခွင့်လျှောက်ထားရန် ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

 (၂၈-၈-၂၀၂၂)