၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေး စနစ်သစ်နှင့် ပတ်သက်သည့် သိကောင်းစရာ မေးခွန်းနှင့်အဖြေများ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေး စနစ်သစ်နှင့် ပတ်သက်သည့် သိကောင်းစရာ မေးခွန်းနှင့်အဖြေများ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူခြင်းကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူများဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူး (ဝန်ကြီးရုံး) ဒေါက်တာသန်းနိုင်စိုးနှင့်  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ  ညွှန်ကြားရေးမှူး (လူ့စွမ်းအားအရင်းအမြစ်) ဒေါက်တာချောစုမောင်တို့ကို  တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

မေး    -        ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့  ဝင်ခွင့်ခေါ်ယူရေးစနစ်သစ်ကို မည်သည့်ရည်ရွယ်ချက်နှင့်   ပြောင်းလဲဖြည့်စွက်တာကို သိပါရစေ။

ဖြေ    -        ၁၉၆၄ ခုနှစ်မှ  စတင်ပြီးတော့ ၂၀၂၀  ပြည့်နှစ်အထိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို တက္ကသိုလ်ဝင်စာမေးပွဲမှာ သိပ္ပံဘာသာတွဲ (အတွဲ-၇)နဲ့ အောင်မြင်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီးဌာန)သို့ လိပ်မူလျှောက်ထားစေပြီးတော့ ဦးစားပေးလျှောက်ထားမှုနဲ့  ဘာသာစုံ(၆) ဘာသာရမှတ်ပေါင်းကို အခြေခံပြီး အမှတ်အများဆုံးရရှိသူများကိုသာ ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။

          နိုင်ငံတကာမှာ ကျင့်သုံးလျက်ရှိတဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေး စာမေးပွဲများကို လေ့လာရာမှာ ဝင်ခွင့်စာမေးပွဲ(Admission Test) အသီးသီးစစ်မေးပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရှိ အခြားအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များဖြစ်တဲ့ ရန်ကုန်နည်းပညာ တက္ကသိုလ် (Yangon Technological University-YTU)၊  မန္တလေးနည်းပညာတက္ကသိုလ်(Mandalay Technological University -MTU)  နှင့်  နည်းပညာတက္ကသိုလ်မန္တလေး (Technological University, Mandalay - TUM)တို့ဟာ ၂၀၁၇ ခုနှစ်အထိ   လျှောက်ထားသူများအတွင်းမှ ဘာသာစုံ စုစုပေါင်း ရမှတ်များတဲ့သူကို အခြေခံပြီး ရွေးချယ်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများမှစ၍  (၆)ဘာသာရမှတ်ပေါင်းအပြင် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ (၄)ဘာသာရမှတ်ပေါင်းကိုပါ မူတည်ပြီးတော့အမှတ်များတဲ့သူကို ရွေးချယ်တဲ့စနစ်နဲ့ ပြင်ဆင်ကျင့်သုံးဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။

          ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် စီမံချက်များ စနစ်တကျချမှတ်၍ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အရည်အသွေးပြည့်ဝပြီး စိတ်ဓာတ်နှင့် ခံယူချက်ကောင်းမွန်သော ဆရာဝန်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါတယ်။ ဒီလိုမွေးထုတ်တဲ့အခါမှာ ယခင်က ဆေးတက္ကသိုလ်များနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ကို (၆)ဘာသာအမှတ်ပေါင်း အများဆုံး ရသူတွေကိုသာ ရွေးချယ်တက်ရောက်ခွင့်ပြုခဲ့ရာမှ ယခုနှစ်စနစ်သစ်မှာတော့ တက္ကသိုလ်ဝင် စာမေးပွဲမှာရရှိခဲ့တဲ့ (၆) ဘာသာအမှတ်ပေါင်း  ၄၅၀ မှတ် ပြည့်သူတွေထဲက ဆေးပညာနဲ့သက်ဆိုင်တဲ့ ဘာသာသုံးခုဖြစ်တဲ့ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်တွေမှာထူးချွန်ပြီး အဲ့ဒီ (၃)ဘာသာပေါင်းရမှတ်များတဲ့သူတွေကို ဝင်ခွင့်စာမေးပွဲဖြေဆိုစေ၍ ရွေးချယ်တက် ရောက်ခွင့်ပြုမယ့်စနစ်အဖြစ် ပြောင်းလဲထားခြင်းဖြစ်ပါတယ်။

          ဒီလိုပြောင်းလဲဆောင်ရွက်ခြင်းအားဖြင့် ဆေးတက္ကသိုလ်များနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များရဲ့ ဝင်ခွင့်ရွေးချယ်ရေးစနစ်ဟာ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနည်းတူ  ကျင့်သုံးဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်မယ့် ဆေးပညာကို အမှန်တကယ် စိတ်ဝင်စားတဲ့ စိတ်ဓာတ်နှင့်   ခံယူချက်ကောင်းမွန်တဲ့ မျိုးဆက်သစ်ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

မေး    -        ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေးစနစ်နဲ့ ပတ်သက်လို့ ဘယ်လိုဘယ်ပုံ ရွေးချယ်ခေါ်ယူမယ် ဆိုတာကို သိပါရစေ။

ဖြေ    -        ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် ဆေးတက္ကသိုလ်များနဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများရဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ရုံးခွဲမှာ စိစစ်ရေးတာဝန်ခံအဖွဲ့ထားရှိပြီး လက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမဦးစွာ လျှောက်ထားလာတဲ့ သင်တန်း ရွေးချယ်မှုကတ်ပြားမှာ   ကျောင်းသား၊ ကျောင်းသူများ ဖြည့်သွင်းထားတဲ့ တက္ကသိုလ်ဦးစားပေး အစီအစဉ်ကို စိစစ်ခြင်း၊ ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။   ဆက်လက်ပြီးတော့ (၆) ဘာသာရမှတ် စုစုပေါင်း ၄၅၀ မှတ်နှင့်အထက် ရရှိသူများအနက် (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာရမှတ်ပေါင်း အများ၊ အနည်းပေါ်မူတည်၍  အမှတ်အများဆုံးရရှိပြီး ဆေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများကို ပဏာမအဆင့်ရွေးချယ်ခံရသူများအဖြစ် သတ်မှတ်ထားရှိမှာဖြစ်ပါတယ်။

          ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့  လျှောက်ထားသူများအတွက်ကတော့ (၆)ဘာသာရမှတ် စုစုပေါင်း ၄၅၀ မှတ်နဲ့ အထက်ရရှိသူများအနက် (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ)  (၃)ဘာသာရမှတ်ပေါင်း အများ၊အနည်းပေါ်မူတည်ပြီး အမှတ်အများဆုံး ရရှိထားသူတွေအနက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို  ပထမဦးစားပေးလျှောက်ထားသူများနဲ့ ဆေးတက္ကသိုလ် များအတွက်  ပဏာမရွေးချယ်လျာထားဦးရေပြည့်သွားတဲ့အတွက်ကြောင့် ဆေးတက္ကသိုလ် များကို ဝင်ခွင့်မရရှိတဲ့သူများမှ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို ဒုတိယဦး စားပေး လျှောက်ထားသူများကို  ပဏာမ အဆင့်အနေဖြင့် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

          ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များရဲ့  ပဏာမအဆင့်ရွေးချယ်မှုတွေပြီးရင်    ဒုတိယအဆင့်ရွေးချယ်မှုအနေနဲ့ကတော့ ပဏာမအဆင့်ရွေးချယ်ထားတဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုခွင့်ရရှိမယ့် သတ်မှတ်ဦးရေအတွင်း အကျုံးဝင်သူတွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုခွင့်ရရှိမယ့် သတ်မှတ်ဦးရေအကျုံးဝင်သူတွေကို လူတွေ့နှုတ်မေးစာမေးပွဲ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။  ဒါ့အပြင်  ပဏာမရွေးချယ်ထားသူအားလုံးဟာ   စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း(ရေးဖြေ) စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။

          သင်တန်းသား အပြီးသတ်ရွေးချယ်ခြင်း အနေနဲ့ကတော့ (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ)  (၃)ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်း ရမှတ်ပေါ်မူတည်ပြီးတော့  အမှတ် အများ၊ အနည်းအလိုက်စီပြီး  အမှတ်အများဆုံးရရှိတဲ့သူများကို ဆေးတက္ကသိုလ်များအတွက် သတ်မှတ် ဦးရေပေါ်မူတည်၍  ရွေးချယ်သွားမှာဖြစ်ပါတယ်။

          သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက်ကတော့ (အင်္ဂလိပ်စာ၊  ဓာတုဗေဒ၊ ဇီဝဗေဒ)  (၃)ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်းရမှတ်ပေါ် မူတည်ပြီးတော့ အမှတ် အများ၊ အနည်း အလိုက်စီပြီး အမှတ်အများဆုံးရရှိတဲ့သူများကို  သတ်မှတ်ဦးရေပေါ်မူတည်၍ ရွေးချယ်သွားမှာဖြစ်ပါတယ်။

          ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ရွေးချယ်ခြင်းမခံရသော်လည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဒုတိယဦးစားပေးအဖြစ် လျှောက်ထားသူများဟာ ဝင်ခွင့်လူတွေ့နှုတ်မေးစာမေးပွဲနှင့် စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း(ရေးဖြေ)စာမေးပွဲကို ထပ်မံဖြေဆိုဖို့မလိုဘဲ   ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ အနေနဲ့ပဲ ၎င်းရရှိထားတဲ့ ရလဒ်ကို ပြန်လည်ထည့်သွင်း တွက်ချက်သွားမှာ ဖြစ်ပါတယ်။

          ဒီလိုရွေးချယ်ရာမှာ အခြားတက္ကသိုလ်များ (ဥပမာ-ရန်ကုန်နည်းပညာတက္ကသိုလ် စသည်တို့)ကို ဦးစားပေး လျှောက်ထားခဲ့ပြီးတော့  သက်ဆိုင်ရာတက္ကသိုလ်တွေက ရွေးချယ်ခြင်း မခံရသူတွေအနေနဲ့ သတ်မှတ်ထားသော (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာပေါင်း အနိမ့်ဆုံးရမှတ်ကိုပြည့်မီပြီး   တက္ကသိုလ်ဝင်ခွင့်သင်တန်း ရွေးချယ်မှု ကတ်ပြားပါ ဦးစားပေး အစီအစဉ်အရ  ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့  ဖော်ပြလျှောက်ထားခဲ့သူများအနေနဲ့လည်း သက်ဆိုင်ရာတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ ဒါကြောင့် အကယ်၍ သူတို့အနေနဲ့   ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ တက်ရောက်လိုပါက ၎င်းသူတို့ကို စိစစ်ရွေးချယ်နိုင်ရေးအတွက် လူတွေ့နှုတ်မေး စာမေးပွဲနဲ့  စိတ်ပိုင်းဆိုင်ရာဆန်းစစ်ခြင်း (ရေးဖြေ)စာမေးပွဲများကို ထပ်မံကျင်းပပေးမှာ ဖြစ်ပါတယ်။

မေး    -        စနစ်သစ်ရွေးချယ်ရာမှာ လူတွေ့နှုတ်မေးစနစ်ကိုပါ ထည့်သွင်းဆောင်ရွက်မယ်လို့ သိရပါတယ်။  အဲဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ရှင်းပြပေးပါခင်ဗျာ။

ဖြေ    -        လူတွေ့နှုတ်မေးစစ်ဆေးရာမှာ ကိုယ်ချင်းစာနာမှု (Empathy)၊ ရိုးသားတည်ကြည်မှု (Honesty and integrity)၊ ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရန်ဆန္ဒရှိမှု (Motivation)၊ ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်ဆံနိုင်မှု (Communication Skill)၊  ကျင့်ဝတ်သိက္ခာ၏တန်ဖိုးကို နားလည်မှု (Ethical Awareness)၊ တာဝန်သိမှုနှင့် အလုပ်ကိုလေးစားမှု (Respect the Duties)၊ ခံယူချက် (Attitude)၊ ပြုမူပြောဆိုဆောင်ရွက်မှု (Behaviour)၊ ဆရာဝန်တစ်ယောက်၏ ဆေးပညာရပ်အပေါ်ထားရှိရမည့် စိတ်နေသဘောထား (Attitude towards Professionalism) နှင့်ပတ်သက်ပြီး မေးခွန်းများမေးမြန်းသွားမှာ ဖြစ်ပါတယ်။

          အဲ့ဒါကြောင့်မို့လို့ လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ၎င်းင်းအကြောင်းအရာများကို ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။

မေး    -        အခြားပြောကြားလိုတဲ့အချက်များရှိရင် ပြောကြားပေးပါခင်ဗျား။

ဖြေ    -        ယခုနှစ်မှာ  ထူးခြားချက်အနေနဲ့က တော့၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိသူများဟာ နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့် သို့မဟုတ် မိမိအစီအစဉ်နဲ့ပညာသင်ကြားခွင့်ကို ရွေးချယ်ပိုင်ခွင့်ရရှိကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်များနဲ့ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များမှာ တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လလျှင် ၈၀၀ ကျပ ပေးသွင်းရမှာဖြစ်ပြီး   မိမိအစီအစဉ်နဲ့ဆိုရင်  ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များမှာ တက္ကသိုလ်သင်တန်းကြေးကို ပညာသင်နှစ်အလိုက် လစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။   ဆေးတက္ကသိုလ်များ အတွက်ကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ငွေကျပ်သိန်း ၆၀၀ အကုန်အကျခံရမှာဖြစ်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကတော့  ပညာသင်ကာလပြီးဆုံးသည်အထိ   ငွေကျပ်သိန်း ၇၀၀ အကုန်အကျခံရမှာ ဖြစ်ပါတယ်။

          နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိတဲ့သူများကတော့ ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် မဖြစ်မနေ အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသာ တက်ခွင့်ရှိသော ဘွဲ့လွန်သင်တန်းများကို ဆက်လက်တက်ရောက်ခွင့်ရရှိပါက နောက်ထပ်ငါးနှစ် နိုင်ငံ့ဝန်ထမ်းအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

          မိမိအစီအစဉ်နဲ့ ပညာသင်ကြားခွင့်ရရှိ တဲ့သူများကတော့ လတ်တလောအနေနဲ့ နိုင်ငံ့ဝန်ထမ်းအဖြစ် ငါးနှစ် မဖြစ်မနေ ဝင်ရောက်စရာ မလိုပေမယ့် နိုင်ငံ့ဝန်ထမ်းများသာ တက်ရောက်ခွင့်ရှိတဲ့ ဘွဲ့လွန်သင်တန်းတွေ တက်ရောက်လို၍ဖြစ်စေ၊ နိုင်ငံ့တာဝန်ကို  ဝင်ရောက်ထမ်းဆောင်လို၍ဖြစ်စေ နိုင်ငံ့ဝန်ထမ်းအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လိုပါကလည်း တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

          အထက်မှာတင်ပြခဲ့တဲ့အတိုင်း ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်မရရှိခဲ့လျှင် တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်မှာ ပါရှိတဲ့ သင်တန်းရွေးချယ်မှု ကတ်ပြားမှာ ဖော်ပြထားတဲ့    ဦးစားပေး အစီအစဉ်အတိုင်း ပြည့်စုံစွာ ဖော်ပြလျှောက်ထားရန်နှင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကိုလည်း သေချာစွာဖတ်ရှု၍ လမ်းညွှန်ချက်များကို   တိကျစွာလိုက်နာပြီး   ဝင်ခွင့်လျှောက်ထားရန်ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။