ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တောင်သူအစုအဖွဲ့များ စမ်းဝတီသဘာဝ မြေသြဇာစက်ရုံနှင့် သစ်သီးဝလံတန်ဖိုးမြှင့် ထုတ်လုပ်ရေး စက်ရုံများသို့ လာရောက်လေ့လာ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တောင်သူအစုအဖွဲ့များ စမ်းဝတီသဘာဝ မြေသြဇာစက်ရုံနှင့် သစ်သီးဝလံတန်ဖိုးမြှင့် ထုတ်လုပ်ရေး စက်ရုံများသို့ လာရောက်လေ့လာ

နေပြည်တော်  သြဂုတ်  ၃၁

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ တောင်သူအစုအဖွဲ့များသည်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန  စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်ရေး သမဝါယမအသင်းမှ  ဆောင်ရွက်နေသော စမ်းဝတီသဘာဝ မြေသြဇာစက်ရုံသို့ လာရောက်လေ့လာကြရာ  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကြိုဆိုနှုတ်ဆက်၍ သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲရန် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာန၏ မူဝါဒနှင့်  လုပ်ငန်းစဉ်များ၊ သမဝါယမ အသင်းများသို့ ထောက်ပံ့ပေးနေမှုကို ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးက နေပြည်တော်သို့ လာရောက်လေ့လာရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ်ရေး သမဝါယမအသင်း ဥက္ကဋ္ဌ ဦးမျိုးထက်ဝင်းက သဘာဝမြေသြဇာ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော် ကောင်စီနယ်မြေတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လည်းကောင်း  ရှင်းလင်းဆွေးနွေး ကြသည်။

ယင်းနောက် လေ့လာရေး အဖွဲ့ဝင်များသည် နွားမွေးမြူရေးခြံသို့ သွားရောက်လေ့လာ ကြည့်ရှု ကြပြီး စမ်းဝတီသဘာဝ မြေသြဇာစက်ရုံမှ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် လေ့လာရေး အဖွဲ့တို့သည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်သို့ သွားရောက်ကာ ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများကို ကုန်ကြမ်းအဖြစ်မှ  တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရန်နှင့် လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေသော မြန်မာရွှေသစ်သီးဝလံ ကုမ္ပဏီလီမိတက် (Myanmar Golden Produce Co.,Ltd.) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်သည့် စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံ Managing Director က စက်ရုံလုပ်ငန်း ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေ့လာရေးအဖွဲ့သည် သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်သည့် စက်ရုံအတွင်း လုပ်ငန်းများ ဆောင်ရွက်နေပုံ အဆင့်ဆင့်ကို  ကြည့်ရှုလေ့လာကြသည်။

သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်သည့် စက်ရုံမှ သရက်သီး၊ သရက်ပျဉ်၊ သရက်နံပြင်၊ သရက်မန်ကျည်းဂျယ်လီ၊ သရက်ပင်မှည့်ဂျယ်လီ၊ သရက်သီးအနှစ် စသည်ဖြင့် ခုနစ်မျိုးခန့် Value Added ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ဆလိုဗက်ကီးယားနိုင်ငံ၊ ဒူဘိုင်းနိုင်ငံ၊ တူရကီနိုင်ငံနှင့် ယူရိုနိုင်ငံများသို့ ပေးပို့နိုင်ကြောင်း သိရသည်။