“အမျိုးသားပြတိုက် (နေပြည်တော်)တွင်  ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း”များ တိုးချဲ့ဖွင့်လှစ်

“အမျိုးသားပြတိုက် (နေပြည်တော်)တွင်  ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း”များ တိုးချဲ့ဖွင့်လှစ်

နေပြည်တော်  သြဂုတ်  ၃၁

    အမျိုးသားပြတိုက် (နေပြည်တော်) ၌ ဗုဒ္ဓအနုပညာပြခန်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်သမ္မတများ   အသုံးပြုခဲ့သည့် မော်တော်ယာဉ်ပြခန်း နှစ်ခန်းထပ်မံ တိုးချဲ့ဖွင့်လှစ်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အခမ်းအနားသို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ဒုတိယဝန်ကြီး (သာသနာရေး) ဦးအေးထွန်း၊ ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊   ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယခုတိုးချဲ့ပြသမည့် ပြခန်းနှစ်ခန်းမှာ “ဗုဒ္ဓအနုပညာပြခန်း” နှင့် “နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့်    မော်တော်ယာဉ်များပြခန်း”တို့ဖြစ်ကြောင်း၊ အဆိုပါ ပြခန်းများကို ဗုဒ္ဓဘုရားရှင်အား ရည်မှန်းပြီး ပျူခေတ်မှ ခေတ်အဆက်ဆက် မြန်မာလူမျိုးတို့ ထုလုပ်ပူဇော် ကိုးကွယ်ခဲ့ကြသည့်    ဗုဒ္ဓရုပ်ပွားတော်များ၏    လက်ရာပြောင်းလဲပုံ အဆင့်ဆင့်ကို ပြည်သူလူထုနှိုင်းယှဉ် လေ့လာပြီး ကြည်ညိုသဒ္ဓါပွားနိုင်ကြစေရန်၊ မြန်မာနိုင်ငံ၏ သမ္မတကြီးများ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသည့် မော်တော်ယာဉ်များကို ပြည်သူလူထုအနေဖြင့် လေ့လာသိရှိပြီး ဗဟုသုတပွားများ နိုင်ကြစေရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအတွက် ယခင်ဖွင့်လှစ်ပြီး ပြခန်းများနှင့်အတူ ပြခန်း နှစ်ခန်းကို   တိုးချဲ့ခင်းကျင်း ပြသရခြင်း ဖြစ်ကြောင်း၊ ပြတိုက်ဝန်ထမ်းများသည် ခေတ်နှင့်အညီ အိုင်တီနည်းပညာကို အသုံးချ၍ Digital Museum ပေါ်ထွက်လာအောင် ကြိုးပမ်းကြရန်နှင့် လူသားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ရေး Capacity Building ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ပြခန်းများ တိုးချဲ့ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊   အမျိုးသားပြတိုက် (နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးသင်းက တို့းချဲ့ဖွင့်လှစ်မည့် ပြခန်းများ၌ ခင်းကျင်းပြသထားမှုကို လည်းကောင်း ရှင်းလင်းပြောကြားပြီး  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပြခန်းနှစ်ခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တိုးချဲ့ဖွင့်လှစ်ပြသသည့် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် စာတမ်းဖတ်ပွဲကို ဆက်လက်ကျင်းပရာ စာတမ်းရှင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိလေး က မြန်မာ့နန်းတွင်း ကွမ်းစားခြင်း ဓလေ့စာတမ်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဝေက အမျိုးသားပြတိုက် (နေပြည်တော်)၏  ပြည်တွင်းပြည်ပ ဧည့်သည်ဦးရေအား လေ့လာ ဆန်းစစ်ချက်စာတမ်း၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းအိစံက အမျိုးသားပြတိုက် (နေပြည်တော်)၏ ဧည့်သည်ဝန်ဆောင်မှု ကဏ္ဍအား  လေ့လာချက်စာတမ်းများကို အသီးသီး ဖတ်ကြားကြပြီး  သဘာပတိက  စာတမ်းများအပေါ်  သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း  သိရသည်။