နောင်တရားမြို့နယ်ထွက်အာလူးများ ဈေးကောင်းရရှိနေပြီး ရန်ကုန်မြို့အပါအဝင် နယ်စုံသို့တင်ပို့လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)   နောင်တရားမြို့နယ်မှ ထွက်ရှိသည့် အာလူးများဈေးကောင်းရရှိနေပြီး    ရန်ကုန်မြို့အပါအဝင်     နယ်စုံသို့တင်ပို့လျက်ရှိကြောင်း နောင်တရား အာလူးစိုက်တောင်သူအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦး၏ ပြောဆိုချက်အရ သိရသည်။

အာလူးဈေးကောင်းရရှိရာတွင် ကြော်အာလူးတစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀နှင့် ရိုးရိုးအာလူးတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ဈေးနှုန်းရှိကြောင်း သိရသည်။

ကြော်အာလူးတွေကို ကျောက်ပန်းတောင်းအကြော်ဖိုနဲ့ မန္တလေးအကြော်ဖိုတွေကို တင်ပို့ပါတယ်။ ရိုးရိုးအာလူးက  ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်အပြင် တခြားမြို့တွေကိုလည်း တင်ပို့နေပါတယ်ဟု ဦးခွန်ဆန်းဦးက ပြောသည်။

လက်ရှိတွင် ရောင်းချနေသည့်အာလူးများမှာ မိုးကြိုအာလူးများဖြစ်ပြီး စိုက်ဧကလျော့နည်းခဲ့သဖြင့်     အထွက်နှုန်းလျော့နည်းသောကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအား မမျှကြောင်း သိရသည်။

သြဂုတ် ၃၀ ရက်က ရန်ကုန်ဈေးကွက်၌ တရုတ်အာလူးတစ်ပိဿာလျှင် ငွေကျပ်၁၉၅၀ မှ ၂၀၀၀ နှင့် ပြည်တွင်းမှ ထွက်ရှိသည့် အာလူးများမှာ တစ်ပိဿာလျှင်ငွေကျပ် ၁၄၀၀ မှ ၂၁၀၀ အထိဈေးနှုန်းရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက အာလူးတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၈၀၀ ဝန်းကျင်အထိသာ ဈေးနှုန်းရရှိခဲ့ကြောင်း သိရသည်။

နဒီ