ရထားအသုံးပြုသူ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်အား ဆက်သွယ်မေးမြန်း

ရထားအသုံးပြုသူ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်အား ဆက်သွယ်မေးမြန်း

    တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် ခရီးစဉ်အမှတ်(၁၅၃) အဆန်၊ အမှတ် (၁၅၄) အစုန်ရထားကို ပြည်သူများ၏ တောင်းဆိုချက်များနှင့်အညီ ခရီးသွားလာရေး  အဆင်ပြေစေရန် စက်တင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သည်။

ထိုသို့ပြန်လည်ပြေးဆွဲရာတွင် ရထားအသုံးပြုသူ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ပြုပြင်ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့်အား ဆက်သွယ် မေးမြန်းခဲ့သည်များကို တင်ပြလိုက်ရပါသည်။

မေး။ ။တောင်ကြီး- ဘန်းယဉ်မီးရထားလမ်း ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာ့မီးရထားအနေနဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ ခရီးစဉ်မှာ ဘယ်လို စီမံဆောင်ရွက်ထားတယ်ဆိုတာ အရင်ဆုံးသိပါရစေ။

ဖြေ။ ။နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းမှာ ရထားပြန်လည် ပြေးဆွဲနိုင်ရေး သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ ပြုပြင်ဆောင်ရွက်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်ကစပြီး ပြုပြင်ဆောင်ရွက်ခဲ့တယ်။ တောင်ကြီးကနေ ဆိုက်ခေါင်အထိ (၄၀ ဒသမ ၆၇)မိုင်ကို ပြုပြင်ရာမှာ ကွန်ကရစ်ဇလီဖားတုံး(၅၈၇၈၀)တုံး၊ လမ်းခင်းကျောက် (၁၀၇၇၃)ကျင်း၊ ဖြည့်တင်း ဆောင်ရွက်ခဲ့ပါတယ်။

ပြီးတော့ လမ်းမြှောက်ပါကင်ရိုက်ခြင်း၊ သံလမ်းအဆက်ညှိခြင်း၊ လမ်းဘေးဝဲ/ယာ တောချုံခုတ် ရှင်းလင်းခြင်း စတဲ့လုပ်ငန်းတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ရထားလမ်းပိုင်း  ကြံ့ခိုင်တောင့်တင်းမှု ရှိစေရေး  အတွက်လည်း  ဆောင်ရွက်ခဲ့ပြီးတော့ ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်မှာ ပြုပြင်ပြီးစီးခဲ့ပတယ်။ ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တောင်ကြီး- ဆိုက်ခေါင် ရထားလမ်း ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် ရထားပြန်လည် ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်”လမ်းညွှန် မှာကြားပါတယ်။ ဒါကြောင့်    ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၀ ရက်ကစတင်ပြီး ယာယီရပ်နားထားခဲ့တဲ့ တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်း အတွင်းက တောင်ကြီးကနေ ဘန်းယဉ်အထိ (၃၃ ဒသမ ၇၁)မိုင်ကို စက်တင်ဘာ ၁ ရက်ကစပြီး   ရထားပြန်လည် ပြေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီလိုပြေးဆွဲရာမှာ အမှတ်(၁၅၄)အစုန်ရထားဟာ ဘန်းယဉ်က နံနက် ၅ နာရီခွဲ ထွက်ခွာပြီးတော့  တောင်ကြီးကို နံနက် ၈ နာရီ ရောက်ရှိမှာဖြစ်ပါတယ်။ အမှတ် (၁၅၃) အဆန်ရထားဟာ တောင်ကြီးက မွန်းလွဲ ၂ နာရီခွဲမှာပြန်လည် ထွက်ခွာပြီး  ဘန်းယဉ်ကို ညနေ ၄ နာရီ မိနစ် ၅၀  ရောက်ရှိမှာဖြစ်ပါတယ်။ ရထားပြေးဆွဲပေးတဲ့ အတွက် ဘန်းယဉ်-တောင်ကြီးရထား လမ်းပိုင်းက ဒေသခံပြည်သူတွေ အနေနဲ့ကုန်ပစ္စည်းတွေ၊ ထွက်ကုန်သီးနှံတွေကို ရထားနဲ့တောင်ကြီးမြို့ပေါ်အထိ ကုန်ကျစရိတ်သက်သာစွာ တင်ပို့ရောင်းချနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဒေသ အသီးသီးကနေ  တောင်ကြီးမြို့ကို အလည်လာတဲ့ ခရီးသွားဧည့်သည်တွေ၊ တောင်ကြီးမြို့နေ ပြည်သူတွေအနေနဲ့ ရထားစီးပြီး တန်ခိုးကြီး ဘုရားဖြစ်တဲ့ မွေတော်ကက္ကူဘုရားကို သွားရောက် ဖူးမြော်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံအတွင်းက ခရီးသွား လုပ်ငန်းအတွက်လည်း အထောက်အကူဖြစ်စေပြီးတော့ ဒေသတွင်းပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေမှာဖြစ်သလို  လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်အောင်  အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။

မေး။ ။ပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ အခု ၂၀၂၂ ခုနှစ်အတွင်းမှာ မီးရထားလမ်း တိုးချဲ့ဖောက်လုပ်နေတဲ့ အခြေအနေကိုလည်းသိပါရစေ။

ဖြေ။ ။မြန်မာနိုင်ငံမှာ ရထားလုပ်ငန်း စတင်ခဲ့တဲ့ ၁၈၇၇ ခုနှစ်ကနေ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် (၁၉၂၄) မိုင်နဲ့ ဘူတာရုံပေါင်း (၄၇၆)ခု ဆောက်လုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်း ရထားလမ်း ခရီးမိုင် (၅၄) မိုင်နဲ့ ဘူတာရုံ(၁၁)ခု တိုးတက် တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ရထားလမ်း ခရီးမိုင် (၁၈၂၂)မိုင်နဲ့ ဘူတာရုံ(၄၇၃)ခု ထပ်မံတိုးချဲ့ ဖောက်လုပ် တည်ဆောက်နိုင်ခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာ ရထားလမ်း ခရီးမိုင် စုစုပေါင်း (၃၈၀၀) မိုင်နဲ့ ဘူတာရုံပေါင်း(၉၆၀) ရှိနေပြီဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံ့တာဝန် ရယူပြီးနောက် နိုင်ငံတော်အကြီးအကဲက ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အဓိကအလေးထားပြီး လမ်းညွှန်မှုတွေပေးခဲ့တာ ရှိပါတယ်။ ရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်စေရေး အတွက် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း တိကျစွာ လိုက်နာပြီးတော့ ရေရှည်အသုံးပြုနိုင်ရေး အတွက် စဉ်းစားဆောင်ရွက်ဖို့၊ ရထားလမ်းတွေ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ထပ်မံတိုးချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းတွေမှာ ပြည်တွင်းအင်ဂျင်နီယာ ပညာရှင်တွေကို အဓိကထား အသုံးပြုပြီး နည်းပညာတွေ တိုးတက်အောင် ဆောင်ရွက်ဖို့၊ အနာဂတ်မှာ လျှပ်စစ်ရထား ပြေးဆွဲနိုင်ရေး ကြိုတင်စဉ်းစား ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့တာရှိပါတယ်။

လက်ရှိမှာ အဓိကအရေးပါတဲ့ ရထားလမ်းမကြီးတွေ အနက် ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ ရန်ကုန်မြို့ပတ် ရထားလမ်းတွေကို ဂျပန်နိုင်ငံ JICA ရဲ့ ဖွံ့ဖြိုးမှု ရန်ပုံငွေနဲ့ နိုင်ငံတော်ဘဏ္ဍာငွေက ကျခံပြီး ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကိုလည်း အဆင့် မြှင့်တင်နိုင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံရဲ့  ဖွံ့ဖြိုးမှုရန်ပုံငွေနဲ့ ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းမှာ  နိုင်ငံတော်ဘဏ္ဍာငွေက ကျခံပြီးတော့  မြင်းခြံ-သာစည်၊ သာစည်-ရွှေညောင်၊ ရွှေညောင်-တောင်ကြီး၊ တောင်ကြီး-ဆိုက်ခေါင်၊ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ်၊ မန္တလေးမြို့ပတ်ရထားလမ်း ပိုင်းတွေ အဆင့်မြှင့်တင်ပြုပြင် မွမ်းမံခြင်းလုပ်ငန်း၊ နောင်ကား-ပင်းပက်လမ်းပိုင်း တိုးချဲ့ ဖောက်လုပ်မှု လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။မီးရထားလမ်းအသစ် တိုးချဲ့ဖောက်လုပ်မယ့် အစီအစဉ်ရှိရင်လည်း ဘယ်လို ဆောင်ရွက်သွားမယ် ဆိုတာ သိပါရစေ။

ဖြေ။ ။မြန်မာ့မီးရထားအနေနဲ့ မူဆယ်ကနေ မန္တလေးအထိ ရထားလမ်းသစ်ကို ဖောက်လုပ်နိုင်ဖို့အတွက် စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်း ဆောင်ရွက်ပြီးတော့ စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင်  မန္တလေးကနေ ကျောက်ဖြူအထိ ရထားလမ်း အသစ်ဖောက်လုပ်နိုင်ရေး အတွက်လည်း စီမံကိန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှုလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ခရီးသွားပြည်သူတွေ လွယ်ကူစွာ သွားလာနိုင်ရေး လက်ရှိမှာ မြန်မာ့မီးရထား အနေနဲ့ ပြေးဆွဲနေမှုကိုလည်း  သိရှိလိုပါတယ်။

ဖြေ။ ။မြန်မာ့မီးရထားက ရန်ကုန်- မန္တလေး လမ်းပိုင်းမှာ အမြန်ရထားလေးစင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်- ပဲခူးလမ်းပိုင်းမှာ RBE  ရထားနှစ်စင်း၊    ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းမှာ စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီး လမ်းပိုင်းမှာ လူစီးကုန်တင် ရထားနှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းမှာ စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင်လမ်းပိုင်းမှာ RBE ရထားလေးစင်း၊   တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းမှာ လူစီးကုန်တင် ရထားနှစ်စင်း  စုစုပေါင်း  ၂၈ စင်းနဲ့ ရန်ကုန်မြို့ပတ်ရထား ၂၆ စင်း စုစုပေါင်းလူစီးရထား ၅၄  စင်း ပြေးဆွဲပေးလျက်ရှိပါတယ်။

မေး။ ။ပြည်သူတွေသိရှိစေဖို့  မြန်မာ့မီးရထားလုပ်ငန်း အခြေအနေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြား လိုတာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။နိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ ရထားနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ အရေးပါနေဆဲဖြစ်တာကြောင့် “ပို့ဆောင်ဆက်သွယ်ပြည်ကျိုးရွယ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေအရ မြန်မာ့မီးရထားရဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်တဲ့ ခရီးသည်နဲ့  ကုန်စည်ပို့ဆောင်သူတွေ စိတ်ချမ်းမြေ့ အဆင်ပြေရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဥသြသံပေး ထာဝရပြေးဆွဲနိုင်ရေးအတွက် မီးရထားရဲ့ အဓိကကျတဲ့ လုံခြုံစိတ်ချရမှု၊ အချိန်မှန်ကန်မှု ရရှိစေရေးအတွက် မြန်မာ့မီးရထားအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပြီးတော့ ပြည်သူတွေ အနေနဲ့လည်း မီးရထားလုပ်ငန်း ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားလိုပါတယ်။