ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)မှ ထုတ်လုပ်သည့် ယူရီးယား ဓာတ်မြေသြဇာများကို တောင်သူများ လက်ဝယ်သို့ သက်သာသော ဈေးနှုန်းဖြင့် အချိန်မီဖြန့်ဖြူး ရောင်းချပေးလျက်ရှိ

ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)မှ ထုတ်လုပ်သည့် ယူရီးယား ဓာတ်မြေသြဇာများကို တောင်သူများ လက်ဝယ်သို့ သက်သာသော ဈေးနှုန်းဖြင့် အချိန်မီဖြန့်ဖြူး ရောင်းချပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ  ၃

    ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်) မှထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာများကို တောင်သူများ လက်ဝယ်သို့ သက်သာ သောဈေးနှုန်းဖြင့် အချိန်မီဖြန့်ဖြူး ရောင်းချ ပေးလျက် ရှိပါကြောင်း သိရသည်။

ယင်း အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)သည် ညောင်တုန်း/ မအူပင်ရေနံမြေမှ ထွက်ရှိသော သဘာ၀ ဓာတ်ငွေ့ကို အဓိကကုန်ကြမ်း အဖြစ် အသုံးပြု၍ ယူရီးယားဓာတ်မြေသြဇာ တစ်ရက်လျှင် တန် ၃၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး စက်ရုံမှထုတ်လုပ်သော ယူရီးယားဓာတ် မြေသြဇာများကို စပါးအပါအဝင် ဆီထွက်သီးနှံနှင့်   ဝါစိုက်ပျိုးရေးတို့ အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊   ဓာတ်မြေသြဇာခွဲတမ်း သတ်မှတ်ရေး ကော်မတီတို့နှင့်ညှိနှိုင်းကာ တောင်သူများ လက်ဝယ်သို့ သက်သာသော ဈေးနှုန်းဖြင့် အချိန်မီဖြန့်ဖြူး ရောင်းချပေးနေခြင်း ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းလက်အောက်ရှိ  အဆိုပါအမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)သို့ သွားရောက်ပြီး  စက်ရုံဝန်ထမ်းများနှင့် တွေ့ဆုံကာ ယူရီးယားဓာတ် မြေသြဇာများ ထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေး စက်ပြုပြင်ခြင်း လုပ်ငန်းများကို စနစ် တကျဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားပြီး စက်ရုံအတွင်းရှိ Control  Room ယူရီးယား ဓာတ်မြေသြဇာများ ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးပေးနေမှုကို  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စက်ရုံ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ယူရီးယားဓာတ်မြေသြဇာ ကုန်တင်ကုန်ချ လုပ်သားများအတွက် ဆန်အိတ် ၁၅၆ အိတ် ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်းနှင့်  မြန်မာ့  ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညောင် တုန်း-မအူပင် ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ သို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီ အမံများကိုစစ်ဆေးကာ ရေနံနှင့်သဘာ၀ ဓာတ်ငွေ့တိုးတက် ထုတ်လုပ်နိုင်ရေး နည်းလမ်း မျိုးစုံဖြင့် အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ညောင်တုန်း/မအူပင် ရေနံမြေတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်လျက်ရှိ ပြီး အဆိုပါဒေသမှ ထွက်ရှိသော သဘာ၀ ဓာတ်ငွေ့များကို အမှတ်(၄)ဓာတ်မြေသြဇာ စက်ရုံ(မြောင်းတကာ)၊ အမှတ်(၅)ဓာတ်မြေ သြဇာစက်ရုံ(ကန်ကြီးထောင့်)၊  ရန်ကုန် ဧရိယာရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက်   မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များနှင့် စက်ရုံ အလုပ်ရုံများသို့ ဖြန့်ဖြူးပေးလျက် ရှိကြောင်း သိရသည်။