အောင်မြေမန္တလာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် အရာထမ်း ၆၈  ဦး၊ အမှုထမ်း ၄၃၂ ဦး စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၅၀၀ ဦးအား နေရာချထားပေးပြီးဖြစ်

အောင်မြေမန္တလာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် အရာထမ်း ၆၈  ဦး၊ အမှုထမ်း ၄၃၂ ဦး စုစုပေါင်း နိုင်ငံ့ဝန်ထမ်း ၅၀၀ ဦးအား နေရာချထားပေးပြီးဖြစ်

နေပြည်တော် စက်တင်ဘာ ၃

    မန္တလေးတိုင်းဒေသကြီးရှိ  အောင်မြေ မန္တလာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ဌာန အလိုက် နေထိုင်သူ နိုင်ငံ့ဝန်ထမ်း အရာထမ်း၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး စုစုပေါင်း ဝန်ထမ်း ၅၀၀ ဦးအား နေရာချထားပေးပြီး ပုသိမ် ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း ကွင်းအမှတ်(၅၀၆)တွင်လည်း မင်္ဂလာရန်ကင်း ပြည်သူ့အငှား အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ အောင်မြေ မန္တလာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်း နှင့် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ အုပ်စု ရေကြည်မြောက်ကွင်း ကွင်းအမှတ် (၅၀၆)တွင် ဆောင်ရွက်လျက်ရှိသည့် မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်း ရှင်းလင်းဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က စီမံကိန်း ဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက စီမံကိန်းဆောင်ရွက်နေမှုနှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်း ရှင်များ အသင်းနှင့် Myanmar Developer Associatio ကုမ္ပဏီလီမိတက်မှ တာဝန် ရှိသူများက လုပ်ငန်းစီမံချက်တို့ကို လည်း ကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆောင်ရွက်ရန်ကျန် အဆောက်အအုံ ၁၅ လုံးအား သတ်မှတ်ကာလအတွင်း စီမံချက်အတိုင်း ပြီးစီးရေးနှင့် ရေပေးဝေမှုစနစ် ဟန်ချက်ညီ ပြီးစီးရေးတို့ကိုမှာကြားပြီး ဆောက်လုပ်ပြီး တိုက်ခန်းနေရာများကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်း ဒေသကြီး မန္တလေး နည်းပညာတက္ကသိုလ် ပညာ့ရိပ်သာအိမ်ရာကို လည်းကောင်း၊  ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် (၆၆)လမ်း၊ (၂၇)လမ်းနှင့်(၂၈)လမ်းကြားရှိ  အဆောက်အအုံ  အထူးအဖွဲ့(၆)မှ တာဝန်ယူဆောက်လုပ် နေသည့် ခုတင်-၅၅၀ ဆံ့ ကလေးအထူးကု ဆေးရုံကြီးတွင် တိုးချဲ့လူနာဆောင်ရှစ်ထပ်  ဆောက်လုပ်ခြင်း စီမံကိန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆောင်ရွက်ကျန် လုပ်ငန်းများအား လုပ်ငန်းစီမံချက် အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အလေးထားဆောင်ရွက်ရန်  မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် (နေပြည်တော်-မန္တလေး) လမ်းပိုင်း ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် တွင် သန္တိသစ္စာကုမ္ပဏီမှ B.O.Tစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မန္တလေး- မိုးကုတ် လမ်းပိုင်း မိုင်တိုင်အမှတ် ၁၂ မိုင် ၆ ဖာလုံမှ ၁၃ မိုင်အတွင်း ၂၄ ပေအကျယ် AC  ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး B.O.Tကုမ္ပဏီများအနေဖြင့် လျာထားစီမံချက် လုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။