ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉၀ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၀၈  ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉၀ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၀၈  ရာခိုင်နှုန်းရှိ

နေပြည်တော် စက်တင်ဘာ ၃

    ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို   အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း   ပုံမှန်ဆောင်ရွက်လျက်ရှိပြီး   ၂-၉-၂၀၂၂  ရက်   ည ၈ နာရီမှ ၃-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၃၂၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၀ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၀၈ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွေ့ရှိသော ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၀ ဦးအနက် ခုနစ်ဦး၊ ၇ ဒသမ ၈ ရာခိုင်နှုန်းမှာ ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ပြီး  ၈၃ ဦး၊ ၉၂ ဒသမ ၂ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၇၇၁၁၆၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၅၄၈၉ ဦး ရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၅၅ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၃၇၄၅ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၉ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြား လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်လာသူများနှင့် ပြည်တွင်း ကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခု ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း အစုလိုက် ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။

ရောဂါကူးစက်ပြန့်ပွားမှုများ အားလျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် -

    (က)ပါးစပ်နှင့်နှာခေါင်းစည်း (Maskု) တပ်ဆင်ခြင်းကို အခန်းတွင်း၌ လူတစ်ဦးနှင့် တစ်ဦး နီးကပ်စွာ ရှိနေခြင်း၊ အများပြည်သူ အသုံးပြုသော ယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက် သွားလာအသုံးပြုသော ဆေးရုံ/ ကျန်းမာရေးဌာနများ၊ ရုံးများ၊ သင်တန်းများ၊  ကျောင်းများ၊ ဈေးများ၊  ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစု လူဝေးရှိရာနေရာများတွင် မဖြစ် မနေ တပ်ဆင်ရန်၊

    (ခ) ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့်  ကိုဗစ်-၁၉ ရောဂါ  သံသယ လက္ခဏာတစ်ခုခုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် လိုအပ်ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို မဖြစ်မနေ ဆောင်ရွက်ရန်၊

    (ဂ  )ရုံးဌာနများသို့ ဖြန့်ဝေထားပြီး ဖြစ်သည့် ရုံးဌာနများ၊ လုပ်ငန်းခွင် များအတွက် ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျ စွာလိုက်နာရန်၊

  (ဃ) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက်ငါးနှစ် နှင့်အထက်ရှိသူ အားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈  နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ခြောက်လရှိနေ သော  ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေး ဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့်  ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။    

းမာရေးဝန်ကြီး ဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။