နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားစေရန်  ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိ

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားစေရန်  ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၃

    နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ၏ စားရေးဝတ်ရေး ဖူလုံစေရန်နှင့် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားစေရန်တို့အတွက် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိသကဲ့သို့ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေမည့် မူဝါဒများ ဖြစ်စေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းတွင်  မိတ္ထီလာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး  အစည်းအဝေး ခန်းမ၌  မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်တို့မှ ဝါသီးနှံနှင့် နေကြာသီးနှံ စိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုး ထုတ်လုပ်သူ၊ သွင်းအားစုရောင်းချသူနှင့် ကြိတ်ခွဲရောင်းချသူများအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကန်ထရိုက်လယ်ယာစနစ်ကို ဖော်ဆောင်ပေးခြင်းဖြင့် မျှတသော ကုန်သွယ်မှု အကျိုးအမြတ်ခွဲဝေ ခံစားသည့် အလေ့အထကောင်းများ ဖော်ဆောင်ပေးနေခြင်းဖြစ်၍  သက်ဆိုင်သူ အားလုံးတို့က ညီညွတ်စွာ    ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက်သာမက  နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါက  တောင်သူများ၏  အကျိုးစီးပွားနှင့် နိုင်ငံ၏ ပို့ကုန်တိုးတက်ရေးကိုပါ ဖြည့်ဆည်းနိုင်မည့်  အချိန်အခါကောင်း ဖြစ်ကြောင်း၊ ယခုနှစ် စိုက်ပျိုးရာသီတွင် နွေစပါးနှင့် ဆောင်းပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှုအတွက်  အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရက ထောက်ပံ့ပေးသကဲ့သို့ လာမည့်နှစ်  ဝါစိုက်ပျိုးရာသီတွင်  ဝတ်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်နေသည့် ဝါသီးနှံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကိုလည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်၍ တောင်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်   လိုအပ်ချက်များကိုလည်း   ထည့်သွင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူများ၊ လုပ်ငန်းရှင်များက ဝါသီးနှံနှင့် နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းအတွက်  မျိုးသန့်လွှမ်းခြုံရေး၊  သီးနှံဈေးနှုန်း  သင့်တင့်မျှတရေး၊ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ရေး ဆိုင်ရာများကိုဆွေးနွေးကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များ က ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အသေးစားလုပ်ငန်းရှင် တစ်ဦး၏ မျိုးဝါစေ့အတွက် ဝါကြိတ်လုပ်ငန်းနှင့် ဝါစေ့ဆီကြိတ် စက်ရုံတို့ကို ကြည့်ရှုအားပေးသည်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်း ဒေသကြီး  ရမည်းသင်းမြို့နယ် စည်ပင်စိုက်ပျိုးရေး သုတေသနခြံ၏ ဆင်းရွှေကြာ-၂  မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှု စစ်ဆေးပြီး ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းမြင့်မားသော သီးနှံမျိုးစေ့များပွားများ ထုတ်လုပ်ရာတွင် ဌာနခြံမှ မိဘမျိုးများကိုသာ ထုတ်လုပ်ပြီး ဆင့်ပွားမျိုးစေ့နှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ပွားများ ထုတ်လုပ်ခြင်းကို မျိုးသန့်ခြံများ၊ မျိုးစေ့ထုတ် လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်လုပ်ငန်း အတွေ့အကြုံရှိသော အကျိုးဆောင်တောင်သူများမှ တစ်ဆင့် ဆောင်ရွက်ခြင်းဖြင့် မျိုးစေ့စီးဆင်းမှု လမ်းကြောင်း မှန်ကန်စေရေးနှင့် ကျယ်ပြန့်ထိရောက်သော   မျိုးဖြန့်ဖြူးခြင်း လုပ်ငန်းဖြစ်စေရေး စီမံဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

ယင်းနောက် သုတေသနခြံမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်း မြင့်မားသော သီးနှံမျိုးသစ်များ ရရှိရေးနှင့် သီးနှံပုံစံများကို သုတေသနပြု ဖော်ထုတ်နေမှုများ၊  သီးနှံအလိုက်  အကျိုးအမြတ် အများဆုံးရရှိမည့် စိုက်ပျိုးနည်းစနစ်များ၊ ဆင်းရွှေကြာ-၂  မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ပဲတီစိမ်းသီးနှံ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို  ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။