ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၃

တရားရုံး အသုံးပြုသူပြည်သူများ အနေဖြင့်  တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ  ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်ခရိုင်ရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တရားရုံး အဆောက်အဦသစ်ကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦကို  ဇွဲမာန်ဟုန် ဆောက်လုပ်ရေး ုမ္ပဏီလီမိတက်မှ  ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ပင်မရုံးအဆောက်အဦမှာ အနံ ၉၆ ပေ၊ အလျားပေ ၁၂၀ ရှိသည့် သံကူကွန်ကရစ်လေးထပ် အဆောက်အဦ ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင်   ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး  တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က အဆောက်အဦကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး  တရားရုံး ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးပြီး အဆောက်အဦသစ် အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် မန်နေးဂျင်းဒါရိုက်တာ ဦးမြတ်ကိုကိုက အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားသူကြီး ဦးစည်သူကျော်ထံ  လွှဲပြောင်းပေးအပ်သည်။    

ဆက်လက်၍   ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့ထံ အထိမ်းအမှတ် ဖန်သားတံဆိပ်တုံး၊ အထိမ်းအမှတ် အလံငယ်များ ပေးအပ်ပြီးနောက်    ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တရားသူကြီး ဦးစည်သူကျော်က   ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။