ပွင့်ဖြူမြို့နယ်၌ ယူ-၁၈  အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဏာမ ကစားသမား ရွေးချယ်ခြင်း ဆောင်ရွက်

ပွင့်ဖြူမြို့နယ်၌ ယူ-၁၈  အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဏာမ ကစားသမား ရွေးချယ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး   ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ၂၀၂၃ ခုနှစ်တွင်   ယူ-၁၈ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် ပဏာမကစားသမားရွေးချယ်ပွဲကို   စက်တင်ဘာ ၄ ရက်တွင်  မြို့နယ်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

“ပွင့်ဖြူမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေနဲ့ လာမယ့်နှစ်မှာ ယူ-၁၈ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပဏာမ ကစားသမား ရွေးချယ်ပွဲပြုလုပ်တာဖြစ်ပါတယ်။  အဓိကကတော့ မြို့နယ်အတွင်းမှာ ရှိတဲ့ လူငယ်မောင်မယ်တွေကို အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေဖို့နဲ့  ထူးချွန်ထက်မြက်တဲ့ အားကစား သမားကောင်းတွေ   ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး ဘောလုံး အားကစားနည်း အပါအဝင် အားကစားနည်းမျိုးစုံကို ပြိုင်ပွဲတွေ ကျင်းပပေးတာဖြစ်ပါတယ်။ ယူ-၁၈ အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက်  လာရောက် အရွေးချယ်ခံတဲ့   အမျိုးသမီး အားကစားသမား ဦးရေ ၇၀ ထဲကနေ  ပဏာမအနေနဲ့ ၄၂ ဦးကို  ရွေးချယ်ခဲ့ပါတယ်။   အခုရွေးချယ်ထားတဲ့ သူတွေကို ပြိုင်ပွဲအတွက် အခြေခံဘောလုံး အားကစားနည်းတွေကို ကြိုတင်စခန်းသွင်း လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်”ဟု  ပွင့်ဖြူမြို့နယ်  အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးရန်လင်းအောင်ကပြောသည်။

ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့်  ဘောလုံး၊  ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်စသည့် အားကစားနည်းများကို စနစ်တကျ သင်ကြားပို့ချပြီး ပြိုင်ပွဲများ စီစဉ်ကျင်းပပေးခြင်း၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ စီစဉ်ကျင်းပပေးခြင်း၊ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ  နယ်လှည့်ဟောပြောခြင်းနှင့်  အားကစားကဏ္ဍ ဖွံ့ဖြိုးစေရေးအတွက် အားကစားပစ္စည်းများ    ပံ့ပိုးပေးခြင်းများကို စဉ်ဆက်မပြတ်  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။