သီးထပ်စိုက်ပျိုးရာတွင် မြေဆီဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေး ပညာရှင်များ၏ အကြံပြုသီးနှံပုံစံများ အသုံးပြုဆောင်ရွက်ရန် လိုအပ်

သီးထပ်စိုက်ပျိုးရာတွင် မြေဆီဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေး ပညာရှင်များ၏ အကြံပြုသီးနှံပုံစံများ အသုံးပြုဆောင်ရွက်ရန် လိုအပ်

နေပြည်တော် စက်တင်ဘာ ၄

ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာ တောင်သူ ဦးတင်ထွန်း၏ မိုးစပါးစိုက်ခင်း၌ စုပေါင်းမြေသြဇာကြဲပက်ခြင်း၊ စက်ဖြင့် ကြားပေါင်းလိုက်ခြင်း၊    တမန်းနှိုးခြင်း၊ ဆေးဖျန်းခြင်းသရုပ်ပြပွဲကို   ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါသရုပ်ပြပွဲ၌ မူလမြေခံနှင့်သီးနှံ၏ အာဟာရ လိုအပ်ချက်အပေါ်  မူတည်၍ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျအသုံးပြုခြင်း၊ သဘာဝ ပိုးသတ်ဆေးများ ကိုယ်တိုင်ဖော်စပ် အသုံးပြုခြင်းတို့ဖြင့် သွင်းအားစုစရိတ် လျှော့ချနိုင်ရေး နည်းလမ်းများကို လက်တွေ့အသုံးပြုပြီး သီးနှံပေါ်ချိန် တွင် ရရှိမည့်အကျိုးအမြတ် ပိုမိုခံစားနိုင်ရေး မျှော်မှန်းဆောင်ရွက်ရန်  လိုအပ်ချက်များ၊ သီးထပ်စိုက်ပျိုးရာတွင်  မြေဆီဖွံ့ဖြိုးရေး အတွက်   စိုက်ပျိုးရေး ပညာရှင်များ၏ အကြံပြုသီးနှံပုံစံများ အသုံးပြုဆောင်ရွက်ရန် လိုအပ်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက်  စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ  တာဝန်ရှိသူများက  နေပြည်တော်ကောင်စီနယ်မြေ အတွင်း  တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊   စက်မှုလယ်ယာစနစ် အသုံးပြုမှုနှင့်   သီးနှံအလိုက် မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုများကိုရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးက   မိုးစပါးလျာထား အထွက်နှုန်း ပြည့်မီရေး၊   ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းများအပြင်  ဒေသ၏ သီးနှံစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးကိုပါ မျက်ခြည်မပြတ်  စီမံဆောင်ရွက်ရန်   လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ တွဲဖက်အသုံးပြု၍ မြေသြဇာ စုပေါင်းကြဲပက်နေမှုကို လည်းကောင်း၊  စက်ဖြင့်ကြားပေါင်းလိုက်ခြင်း၊ တမန်းနှိုးခြင်း၊    ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် လယ်ဝေးမြို့နယ် ရွာသစ်ကြီးကျေးရွာရှိ  ပုဂ္ဂလိက အသားတိုးကြက် မွေးမြူရေးခြံကို လည်းကောင်း၊ လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာအုပ်စု ရှားချောင်း ကျေးရွာ ပုဂ္ဂလိကမွေးမြူရေးခြံ၏ ဒေသကျွဲ၊ ဒေသနွား၊   နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း ကြည့်ရှု အားပေးသည်။

ထို့နောက်     ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်  ရေပြာရိုးကျေးရွာအနီး တည်ဆောက်ထားသည့် သဲဖြူရေလှောင်တမံ နှင့် မြို့ကုန်းကျေးရွာ အနီးရှိ မဒန်းရေလွှဲဆည် များသို့သွားရောက်ပြီး တမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆည်တမံများ အားလုံး သန့်ရှင်းသာယာ လှပ၍ အပန်းဖြေဒေသများ ဖြစ်စေရေး  အဆင့်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆည်ရေ သောက်ဧရိယာအတွင်း သီးနှံစိုက်စွမ်းအား မြှင့်တင်ရန်  လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။