ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်သည့် 2nd International Tiger Conservation Forum သို့ တက်ရောက်

နေပြည်တော်  စက်တင်ဘာ  ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံခရီးစဉ်တွင်     လိုက်ပါလာသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒေရေးရှင်း နိုင်ငံ  ဗလာဒီဗော့စတော့ခ်မြို့ 2nd  Interna-tional Tiger Conservation Forumတွင် ကျင်းပသည့် 2nd  Interna-tional Tiger Conservation Forumသို့ သစ်တောဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်နှင့်အတူ ပါဝင်တက်ရောက်သည်။

အဆိုပါ 2nd International Tiger Conservation Forumသို့ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ တာဝန်ရှိသူများက ပါဝင်တက်ရောက်ကြပြီး  ဖိုရမ်ကို ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ်က ယဉ်ကျေးမှု ကပွဲများဖြင့် စတင်ဖွင့်လှစ်သည်။ ထို့နောက် ကျားတံဆိပ်ခေါင်း အထိမ်းအမှတ် ထုတ်ဝေရေးအတွက် ပြည်ထောင်စုဝန်ကြီးလေးဦးက ရက်စွဲရိုက်နှိပ် လက်မှတ်ရေးထိုးပြီးနောက် အထိမ်းအမှတ် ပြခန်းကို   လှည့်လည်ကြည့်ရှု ကြသည်။

ထို့နောက် ဖိုရမ်၏မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပရာတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်က အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် ကျားကျက်စားရာ ၁၄ နိုင်ငံအနက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေး ဝန်ကြီး၊ သယံဇာတနှင့်ပ တ်ဝန်းကျင်ရေးရာ ဝန်ကြီး၊ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်ရှိသည့်နိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံအလိုက် ဆောင်ရွက်ချက်များကို ဆွေးနွေးကြသည်။

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျားကျက်စားနယ်မြေ အပါအဝင်ဖြစ်သည့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့ဖွဲ့စည်းထားရှိမှုများ၊ မြန်မာနိုင်ငံ၏ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း   မှတ်တမ်းတင်ထားသော ကျားအရေအတွက်၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်ထူထောင်ခြင်း အစီအစဉ်အောက်မှ  ရန်ပုံငွေသုံးစွဲမှု အခြေအနေများ၊   မြန်မာနိုင်ငံအတွင်း ကျားကောင်ရေထိန်းသိမ်းရေးအတွက်(၂၀၂၀-၂၀၂၅)ခုနှစ် စီမံချက်ရေးဆွဲပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ ကမ္ဘာ့ကျားထိန်းသိမ်းရေး စီမံချက်ပါအတိုင်း   မျှော်မှန်းရလဒ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

မွန်းလွဲပိုင်းတွင်  ကျားထိန်းသိမ်းရေး နည်းလမ်းကောင်းများနှင့် ထိန်းသိမ်းခြင်း ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ အရေးပါမှုခေါင်းစဉ်များဖြင့် ဆက်လက် ဆွေးနွေးခဲ့ကြပြီး   ရုရှားဖက်ဒရေးရှင်းနိုင်ငံ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး Alexander Kozlov က နိဂုံးချုပ် အမှာစကား ပြောကြားကာ  ဖိုရမ်ကို  ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။