မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များ တားဆီး ကာကွယ်ရေး လုပ်ငန်းများကို  သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍  အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များ တားဆီး ကာကွယ်ရေး လုပ်ငန်းများကို  သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍  အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားမည်

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ၏ ထုတ်ပြန်ချက်

၁။    ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်သည်ဟူသော စွပ်စွဲချက်များကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင် ၂၀၁၈ ခုနှစ်မှစတင် ဖော်ပြခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်ရေးအတွက် ပဋိပက္ခနှင့်စပ်လျဉ်းသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communiqué) ကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ၇-၁၂-၂၀၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို ၂၆-၃-၂၀၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရန် သန္နိဋ္ဌာန်ရှိသည်နှင့်အညီ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ၃၁-၃-၂၀၂၁ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၂။  ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်ကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး ယင်းသို့ ရေးဆွဲရေးအတွက် အမျိုးသားအဆင့် ကော်မတီ အစည်းအဝေး (၉)ကြိမ် ကျင်းပခဲ့သည်။   တတိယအကြိမ်နှင့် ပဉ္စမအကြိမ် အမျိုးသားအဆင့် ကော်မတီအစည်းအဝေးများတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူး ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။ အမျိုးသားလုပ်ငန်း စီမံချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အတည်ပြုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်၂၁၀၆ ပါအချက်များ၊ ပူးတွဲကြေညာချက်ပါ ဦးစားပေးများနှင့် အထူးကိုယ်စားလှယ်ထံမှ ပေးပို့သော သဘောထားမှတ်ချက်များကို သင့်လျော်သလို ထည့်သွင်းရေးဆွဲထားသည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ၁၀-၁၁-၂၀၂၁ ရက်မှ ၁၀-၁၁-၂၀၂၂ ရက်အထိ  စီမံချက်ကာလ တစ်နှစ်သတ်မှတ်ထားပြီး ဒုတိယ သုံးလပတ်အတွက် အကောင်အထည် ဖော်လျက်ရှိသည်။

၃။ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးသို့ ၅-၁၁-၂၀၂၁ ရက်တွင်ပေးပို့ခဲ့သည်။ ထို့ပြင် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း  ၄-၇-၂၀၂၂ ရက်တွင် အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အစဉ်အလာမပျက်  ထိန်းသိမ်းခဲ့သည်။

၄။      သို့ရာတွင် ၂၉-၃-၂၀၂၂ ရက်၌ ထုတ်ပြန်ခဲ့သည့် ပဋိပက္ခနှင့် ဆက်စပ်သော လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် မြန်မာနိုင်ငံကို ထပ်မံထည့်သွင်းခဲ့ကြောင်း စိတ်ပျက်ဖွယ် တွေ့ရှိရသည်။ ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတံခါးဖွင့် အစည်းအဝေးကို ၁၃-၄-၂၀၂၂ ရက်၌ ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။ ကုလသမဂ္ဂ အနေဖြင့်  နိုင်ငံတစ်နိုင်ငံအပေါ် စွပ်စွဲမှုများ ပြုလုပ်ပါက ယင်းနိုင်ငံအစိုးရ၏ တုံ့ပြန်ချက်များကိုလည်း မျှတစွာ ထည့်သွင်းဖော်ပြရသည်မှာ အများလက်ခံထားသော မူဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရမည့်အစား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏  ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးသည် အစီရင်ခံစာပါ စွပ်စွဲချက်များနှင့် စပ်လျဉ်း၍   သက်ဆိုင်ရာနိုင်ငံနှင့် စိစစ်ရန် ပျက်ကွက်ခဲ့သည့်အပြင် အစီရင်ခံစာတွင် အစိုးရကပေးပို့ထားသော  အချက်အလက်များကို ချန်လှပ်ခဲ့သည်။

၅။   အဆိုပါ အစီရင်ခံစာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း သတင်းရရှိသည်ဟု သိမ်းကျုံးစွပ်စွဲ ထားသော်လည်း ဖြစ်စဉ်ဖြစ်ပွားခဲ့သော နေရာ၊ နေ့ရက်နှင့်အချိန် စသည်ဖြင့် စိစစ်နိုင်သော အချက်အလက်များ ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်ရာ ယင်းအစီရင်ခံစာသည် ယုံကြည်လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် မြန်မာနိုင်ငံကို နိုင်ငံရေးအခြေခံဖြင့် သိက္ခာချရန် ပိုမိုရည်ရွယ်ကြောင်း သက်သေပြလျက်ရှိသည်။

၆။ တပ်မတော်သားများအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအဝင် ပြစ်မှုများ မကျူးလွန်စေရန် အရပ်ဘက်ဥပဒေအပြင် စစ်ဘက်ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို  တိကျစွာ လိုက်နာရသည်။ ပြစ်မှုကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါကလည်း ပြင်းထန်ထိရောက်စွာ အရေးယူ အပြစ်ပေးလျက်ရှိပြီး အဓမ္မပြုကျင့် လူသတ်မှု ကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်အထိ ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊   ကွတ်ခိုင်မြို့ရှိ  ဖာခတ်ကျေးရွာတွင် တပ်မတော်သားတစ်ဦးမှ အမျိုးသမီးတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လုံးဝလက်မခံသည့် မူနှင့်အညီ အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့ပြီးဖြစ်သည်။ ယင်းကိစ္စကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် အများပြည်သူသို့ သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၇။      လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တိုင်ကြားနိုင်ရန် ၂၉-၁၁-၂၀၁၆ ရက်မှစ၍  ံ Helpline နံပါတ်များ သတ်မှတ်ထားရှိခဲ့ပြီး နစ်နာသူများ၏ သတင်းအချက်အလက် မပေါက်ကြားရေးကို အထူးအလေးထား ကာကွယ်ပေးလျက်ရှိသည်။စနစ်တကျလေ့ကျင့် သင်ကြားပေးထားသည့် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူများသည် အကြမ်းဖက် ခံရသူများနှင့်တွေ့ဆုံပြီး ၎င်းတို့၏လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည် ပြန်လည်မြှင့်တင်ပေးရေးဆိုင်ရာ  လိုအပ်သည့် အကူအညီများကို   ညွှန်းပို့ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ၅-၁-၂၀၂၂ ရက်မှစ၍ ပြည်သူများ လက်လှမ်းမီ တိုင်ကြားနိုင်ရေးအတွက်  Viber  နှင့်  Helpline-DSW Facebook Page  တို့ကဲ့သို့ အွန်လိုင်း ဆက်သွယ်ရေး လမ်းကြောင်းများ ထားရှိ၍ ယင်းသို့တိုင်ကြားနိုင်ကြောင်း သတင်းစာများ၊ မြန်မာ့ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှ ပြည်သူများသို့ အသိပေး ဆောင်ရွက်လျက်ရှိသည်။

၈။      ဖြစ်စဉ်အခြေအနေအရ  သီးခြား လုံခြုံမှုပေးရမည့် လိင်ပိုင်း အကြမ်းဖက်ခံရသူများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Center-OSWSC) များကို ပြည်နယ်နှင့်တိုင်းဒေသကြီး (၆)ခုတွင် ဖွင့်လှစ်ထားရှိပြီး လက်ခံစောင့်ရှောက် ကာကွယ်ပေးလျက်ရှိသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းပေးရာတွင် တရားရင်ဆိုင်နိုင်ရေး၊ ခရီးစရိတ်နှင့် ပြန်လည်ရပ်တည်ရေးအတွက် အကြမ်းဖက်ခံရသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ  ထောက်ပံ့မှုစရိတ်များ ဆောင်ရွက်ပေးလျက်ရှိသည်။

၉။      မြန်မာနိုင်ငံအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်များ တားဆီး ကာကွယ်ရေး လုပ်ငန်းများကို  သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍  အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖြစ်ပေါ်လာပါက ကျူးလွန်သူများအား လုံးဝသည်းခံ ခွင့်လွှတ်ခြင်း မရှိရေး မူဝါဒနှင့်အညီ   အပြစ်ပေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။