နတ်မောက်မြို့နယ်၌ ပန်းထိမ်ငိုပန်းများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့ပေါ်ရပ်ကွက်တချို့နှင့် ကြူအိုင်ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ န/လက်ခုပ်ပင် ကျေးရွာတို့တွင် မိမိတို့၏အိမ်ခြံဝင်းများအတွင်း ပန်းထိမ်ငိုပန်းများကို ယခုအခါ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။

ကျွန်မတို့က နေ့အိမ်ဘုရားစင်မှာ ပန်းမျိုးစုံကို အလှည့်ကျဝယ်ယူပြီး တင်လှူပါတယ်၊ ဘုရားပန်းအဖြစ် အသုံးများတာကတော့ ပန်းထိမ်ငိုပန်း၊ ဂန္ဓမာပန်း၊ နှင်းပန်းစသည်တို့ဖြစ်ပါတယ်၊   ပန်းဈေးကွက်မှာ ပန်းထိမ်ငိုပန်း တစ်ခက်ကို ၈၀ ကျပ်နှုန်း ကနေပြီး ၁၀၀ကျပ်နှုန်းအထိ    ဝယ်ယူရပါတယ်ဟု နတ်မောက်မြို့ဈေးရပ်ကွက်မှ ဒေါ်မြင့်မြင့်ခင်ကပြောသည်။

 ပန်းထိမ်ငိုပန်းစိုက်ပျိုးရန်အတွက်  ပြင်ဦးလွင်ရှိ မျိုးဥယျာဉ်ခြံများမှပန်းမျိုးကို တစ်ပိဿာ ၆၀၀၀ နှုန်းဖြင့် မှာယူရကြောင်း၊  ပန်းမှာအဖြူရောင်နှင့် မရန်းရောင်နှစ်မျိုးရှိကြောင်း၊  ပန်းထိမ်ငိုပန်းဥများကို သင်္ကြန် မတိုင်ခင်ကစိုက်ပျိုးခဲ့ကြောင်း၊ ယခုဆိုလျှင် ဈေးကွက်တွင် ပန်းတစ်စည်းလျှင်ငွေကျပ် ၁၅၀၀ မှ ငွေကျပ်၁၈၀၀ ထိရောင်းရသဖြင့်   မိသားစုအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရသဖြင့် လူတိုင်းစိုက်ပျိုးသင့်ပါကြောင်း နတ်မောက်မြို့နယ်မှ  ပန်းထိမ်ငိုပန်းစိုက်ပျိုးသူ မစုစုထံမှသိရသည်။

မူမူစန်း