ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၂၀ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၉၅ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၂၀ ရာခိုင်နှုန်းရှိ

နေပြည်တော် စက်တင်ဘာ ၅

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို     အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၄-၉-၂၀၂၂ ရက်     ည ၈ နာရီမှ ၅-၉-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇၈၈၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၅ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၂၀ ရာခိုင်နှုန်း ရှိသည်။ ယနေ့တွေ့ရှိသော   ကိုဗစ်-၁၉ရောဂါ   ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၅ ဦးအနက် ငါးဦး၊ ၅ ဒသမ ၃ ရာခိုင်နှုန်းမှာ   ပြည်ပမှ ဝင်ရောက်လာသူများအား ဓာတ်ခွဲစစ်ဆေးရာမှ   တွေ့ရှိခြင်းဖြစ်ပြီး  ၉၀ ဦး၊ ၉၄ ဒသမ ၇ ရာခိုင်နှုန်းမှာ ပြည်တွင်းတွင် ကူးစက်ဖြစ်ပွားသူများဖြစ်သည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၇၈၅၅၁၇ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၅၆၅၄ ဦး ရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၂ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၅၉၃၈၁၆ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦး ရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၄၁ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြား လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှဝင်ရောက်လာသူများနှင့် ပြည်တွင်း ကူးစက်ခံရသူများတွင်တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းအစုလိုက် ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။

ရောဂါကူးစက်ပြန့်ပွားမှုများအား လျော့ကျစေရန်အတွက်      ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် -

(က)   ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရှိနေခြင်း၊ အများပြည်သူအသုံးပြု သောယာဉ်များဖြင့် ခရီးသွားလာ ခြင်း၊ အများပြည်သူ ဝင်/ထွက် သွားလာအသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ သင်တန်းများ၊  ကျောင်းများ၊ ဈေးများ၊  ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိရာနေရာများတွင် မဖြစ် မနေတပ်ဆင်ရန်၊

(ခ)     ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း စသည့်  ကိုဗစ်-၁၉ ရောဂါ  သံသယ လက္ခဏာတစ်ခုခုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် လိုအပ်ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကို မဖြစ် မနေဆောင်ရွက်ရန်၊

(ဂ)     ရုံးဌာနများသို့ ဖြန့်ဝေထားပြီးဖြစ်သည့် ရုံးဌာနများ၊ လုပ်ငန်းခွင် များအတွက် ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျ စွာလိုက်နာရန်၊

(ဃ)   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းအားဖြင့် ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကိုလျှော့ချပေး နိုင်သည်ဖြစ်ရာ အသက် ၅ နှစ် နှင့်အထက်ရှိသူ အားလုံးသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈  နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ ၆ လရှိနေသော  ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံ ရန်လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေး ဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်     ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ    သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်   ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။