ဝါဂွမ်းအရည်အသွေး စံသတ်မှတ်ချက် တစ်ပြေးညီ ဖြစ်စေရေး ကြိုးပမ်း

ဝါဂွမ်းအရည်အသွေး စံသတ်မှတ်ချက် တစ်ပြေးညီ ဖြစ်စေရေး ကြိုးပမ်း

နေပြည်တော်  စက်တင်ဘာ  ၅

နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအပြင် ပြည်တွင်းအဝတ်အထည် ထုတ်လုပ်မှုတွင် လိုအပ်သော ချည်မျှင်ထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် ချည်မျှင်ရှည်ဝါ အထွက်နှုန်းနှင့် ထုတ်လုပ်မှု တိုးတက်ရေးကို စီမံဆောင်ရွက်လျက်ရှိသကဲ့သို့  ဝါဂွမ်းအရည်အသွေး မြင့်မားရေးအတွက် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများရရှိရေး၊ ဝါဝယ်ယူရေးတွင် စံသတ်မှတ်ချက် တစ်ပြေးညီဖြစ်စေရေး လုပ်ငန်းများကို ကြိုးပမ်းလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်စက်မှုဇုန်(၁)ရှိ ဝါကြိတ်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ပြည်ကြီးတံခွန် စက်မှုဇုန်(၁)ရှိ ပုဂ္ဂလိကဝါကြိတ် စက်ရုံများတွင် ဝါစေ့ဆီ ထုတ်လုပ်နေမှုနှင့် ဝါဂွမ်းဘေထုပ် ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးရာ လုပ်ငန်းရှင်များက  ပြည်ကြီးတံခွန် စက်မှုဇုန်(၁)အတွင်းရှိ ဝါကြိတ်စက် ၁၆၉ လုံး၊ ဝါစေ့ဆီဆုံ ၂၄ လုံး၏ ကုန်ကြမ်းရရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ဝါစေ့ဆီကြမ်း ထုတ်လုပ်နိုင်မှုနှင့် ဝါစေ့ကြိတ်ဖတ်များကို မွေးမြူရေးတိရစ္ဆာန် အစာအဖြစ် ရောင်းချနိုင်မှုများကို လည်းကောင်း  တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဝါသီးနှံနှင့် နှီးနွှယ်ပတ်သက်နေသော   ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့်  သက်ဆိုင်ရာ ကဏ္ဍအလိုက် အစုအဖွဲ့များ စုဖွဲ့ပြီး အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံက လိုချင်သည့် ဝါဂွမ်းအရည်အသွေးကို တောင်သူအား စိုက်ပျိုးစေပြီး တောင်သူလိုအပ်မည့် မျိုးနှင့်သွင်းအားစုကို ထောက်ပံ့ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြမည်ဖြစ်ကြောင်း၊

ဝါစေ့ဆီအပါအဝင် နေကြာဆီ၊ စားအုန်းဆီ စသဖြင့် ဆီကြမ်းများကို သန့်စင်ပြီး အချိုးအစား တိကျသည့်ရောနှော ဟင်းသီးဟင်းရွက်ဆီကို စားသုံးသူများ လိုအပ်ချက်နှင့်အညီ အညွှန်းစာအပြည့်အစုံဖြင့် ထုတ်လုပ်နိုင်ပါက ဈေးကွက်အတွင်း ထုတ်လုပ်သူရော သုံးစွဲသူပါ အကျိုးရှိနိုင်ကြမည်ဖြစ်၍ ဆီသန့်စက်ရုံလုပ်ငန်း ရင်းနှီးမြှုပ်နှံလိုပါက တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ဆွေးနွေး ပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမရပူရမြို့နယ် ရေကြည်ပေါက်ရွာရှိ ပုဂ္ဂလိက စက်ရက်ကန်းရုံတွင် ၂/၄၀ ၊ ၂/၈၀ နှင့် ၂/၁၀၀ ချည်ထည်အမျိုးမျိုးကို   ဈေးကွက် လိုအပ်ချက်အရ ထုတ်လုပ်နေမှု အခြေအနေ၊ ကုန်ချောထုတ်လုပ်ရန် ပြည်တွင်းပြည်ပမှ ဝါနှင့်ပိုးချည်များ ဝယ်ယူအသုံးပြုမှု အခြေအနေများကို ဆွေးနွေးကြပြီး ချည်ထည်ရက်လုပ်နေမှုနှင့် ချည်ခင်ဆေးဆိုး လုပ်ငန်းများကို ကြည့်ရှုအားပေး ကြကြောင်း သိရသည်။