၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၆

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ အသက် ၃၃ နှစ်က ဆင်ဖြူတော်(အထီး)ကလေး(၁)စီးအား ၂၃-၇-၂၀၂၂ ရက် နံနက် မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင်မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန်  ပေါင် ၁၈၀ ခန့်ရှိပါသည်။

အဆိုပါဆင်ဖြူတော်ကလေးသည်  ရတနာဆင်ဖြူတော်များ၏  ကြန်အင်လက္ခဏာ၈ ချက်အနက်  မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန် ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်ပါသည်။

အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခု အသက်  ၄၅ ရက်သားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၇ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၅ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့် ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက် ရှိကြောင်းနှင့် ဆင်ဖြူ တော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေး ဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြား ပေးလျက် ရှိကြောင်း သတင်းရရှိသည်။