ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကလောဘူတာအား ရှေးမူမပျက် မွမ်းမံပြင်ဆင် ထိန်းသိမ်းထားရှိရေး မှာကြား

ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကလောဘူတာအား ရှေးမူမပျက် မွမ်းမံပြင်ဆင် ထိန်းသိမ်းထားရှိရေး မှာကြား

ရှမ်းပြည်နယ်  တောင်ကြီးမြို့နယ် အတွင်းရှိ  ပင်းပက်နှင့်  နောင်ကား ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်နှင့် နောင်ကား-တောင်ကြီး ရထားလမ်းပိုင်း အခြေအနေကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့ ယနေ့သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ကလောဘူတာ၏ အစဉ်အလာကို ဆက်လက် စောင့်ထိန်းရေး၊ ဘူတာအဆောက်အအုံနှင့် ယာဒ်ဝန်းအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဘူတာအား  ရှေးမူမပျက် မွမ်းမံပြင်ဆင် ထိန်းသိမ်းထားရှိရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို မှာကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းရေနွေးငွေ့ စက်ခေါင်းနှင့် ချိတ်ဆက် ထားသည့်တွဲ ပြသထားမှု အခြေအနေကို လည်းကောင်း၊ ပင်းပက်ဒေသရှိ သံမဏိ ထုတ်လုပ်ရေး စက်ရုံနှင့် ချိတ်ဆက်မည့် ရထားလမ်း တည်ဆောက်ရန် လျာထားနေရာနှင့် ပင်းပက်ဘူတာ တည်ဆောက်မည့်နေရာတို့ကို လည်းကောင်း၊  ပင်းပက်-နောင်ကား ရထားလမ်းသစ် ဖောက်လုပ်မည့်  လမ်းအူကြောင်း တစ်လျှောက် စီမံကိန်း လုပ်ငန်းခွင် နေရာများသို့ လည်းကောင်း၊ နောင်ကား လမ်းဆုံမှ အထူးရထား စီးနင်း၍ ရထားလမ်းပိုင်း၏  ကြံ့ခိုင်မှု အခြေအနေကို လည်းကောင်း၊  ဘူတာများ၏ သန့်ရှင်းသပ်ရပ်မှု၊ ကားနှင့် ရထားလမ်းကူး(Level Crossing) များ၌ မော်တော်ယာဉ်များ စနစ်တကျ ဖြတ်သန်း သွားလာမှု အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးပြီး တောင်ကြီးဘူတာ၌ တာဝန်ရှိသူများ၊ ဘူတာ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဘူတာသန့်ရှင်း သပ်ရပ်စေရေး၊ စက်ခေါင်းနှင့် တွဲများ လုံခြုံမှု ရှိစေရေး၊ ရထားများ အချိန်မှန်ကန်စေရေး၊ ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေး ကိစ္စရပ်များကို  မှာကြားခဲ့ကြောင်း သိရသည်။