ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများ အကျိုးကိုလည်း ကာကွယ် စောင့်ရှောက်ပေးရမည့် တာဝန်ရှိ

ပြည်ပရှိ မြန်မာသံရုံးများသည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများ အကျိုးကိုလည်း ကာကွယ် စောင့်ရှောက်ပေးရမည့် တာဝန်ရှိ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  လမ်းညွှန်မှာကြားချက်များနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော သံအမတ်ကြီးများ၊  အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီ တာဝန်ခံများအား ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့ ညနေ  ၄ နာရီတွင်  Video Conferencing   စနစ်ဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များ တက်ရောက်ကြသည်။

ဦးစွာ    နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။ ပြည်ထောင်စု အစိုးရအဖွဲ့၏ (၆)လပတ် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို  ထမ်းဆောင်နေကြခြင်းဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို   ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊  နိုင်ငံရေး ဦးတည်ချက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို  ကျင့်သုံးလျက်ရှိပြီး နိုင်ငံများအကြား   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက် ကျင့်သုံးရေးကို နိုင်ငံရေး ဦးတည်ချက်အဖြစ် ချမှတ်လျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပရှိ မြန်မာသံရုံးများသည်  နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး   ရည်မှန်းချက်အပြင် မြန်မာနိုင်ငံသားများ   အကျိုးကိုလည်း ကာကွယ်စောင့်ရှောက် ပေးရမည့် တာဝန်ရှိသဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့၏ ဆောင်ရွက်ချက်များနှင့် ပြင်ပမှ မမှန်သတင်း ဖော်ပြချက်များကိုလည်း ပြန်လည်တုံ့ပြန် ဖြေရှင်း   အသိပေးခြင်းများကို  အချိန်နှင့် တစ်ပြေးညီ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သံရုံးလုံခြုံရေးနှင့်   လူပုဂ္ဂိုလ်၊   စာရွက်စာတမ်း လုံခြုံရေးများကို  အထူးဂရုစိုက်ကြရန်၊ သံရုံးအကြီးအကဲများမှ အဆင့်ဆင့် အထူးကြပ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ပတွင် တာဝန် ထမ်းဆောင်လျက်ရှိကြသည့် သံတမန်များအနေဖြင့် ရှေ့တန်း တိုက်စစ်မှူးများ ဖြစ်သကဲ့သို့   ခံစစ်မှူးများလည်း ဖြစ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍမှာ  နက်နဲသိမ်မွေ့သည့် ကိစ္စဖြစ်၍ သံရုံးအကြီးအကဲများ အနေဖြင့်  အမြင်ကျယ်ကျယ်၊ ယုံကြည်ချက်၊ ခံယူချက်ရှိရှိဖြင့် လုပ်ကိုင်ဆောင်ရွက် သွားကြရန်နှင့် မိမိလက်အောက်တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ပြီး  အချင်းချင်း အပြန်အလှန် လေးစားမှု စိတ်ဓာတ်ရှိစေရန်လည်း   ထိန်းကျောင်း ကြပ်မတ်သွားကြရန်   လိုအပ်ကြောင်း၊ ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံ ဆက်ဆံရေး အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း   အစိုးရ၏ ရပ်တည်ချက်၊ သဘောထားနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်  ရင်ဆိုင်နေသည့် အမှုကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ လည်းကောင်း၊  နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊  နိုင်ငံတကာ ဆက်ဆံရေးများနှင့် ပဋိပက္ခ ချဉ်းကပ်ဖြေရှင်းရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီ တာဝန်ခံများမှ ဆွေးနွေးတင်ပြခဲ့ရာ ယင်းတင်ပြချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက   ပြန်လည် ရှင်းလင်း ပြောကြားခဲ့ကြသည်။